လက်ချောင်း ၁၀ ချောင်းမရှိသည့် တောင်ကိုရီးယားအမျိုးသား ဟိမဝန္တာရှိ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးစလုံးကို တက်နိုင်သူဖြစ်လာ

လက်ချောင်း ၁၀ ချောင်းမရှိသည့် တောင်ကိုရီးယားအမျိုးသား ဟိမဝန္တာရှိ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးစလုံးကို တက်နိုင်သူဖြစ်လာ

ဆိုး၊ ပြည်တွင်းရေး

တောင်ကိုရီးယားနိုင်ငံမှ လက်ချောင်း ၁၀ ချောင်းစလုံးမရှိသည့် မသန်စွမ်းသူအမျိုး သားတစ်ဦးသည် ဟိမဝန္တာတောင်တန်းရှိ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးစလုံးကို တက်နိုင်ပြီး မသန်စွမ်းသူတစ်ဦးက ထိုသို့တက်နိုင်သည်မှာ   ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း တောင်ကိုရီးယားအယ်ပိုင်းကလပ် တောင်တက်အသင်းက ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သည်။

ကင်ဟုန်ဘင်းအမည်ရှိအဆိုပါအမျိုးသား သည် ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၈ မိနစ်တွင် ပါကစ္စတန်နိုင်ငံ ကာရာကိုရမ်တောင်တန်းရှိ ၈၀၄၇ မီတာမြင့်သော ဘရုတ်တောင်ထွတ်သို့ ရောက်ရှိပြီးနောက် ဟိမဝန္တာရှိကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးစလုံးကို တက်ရောက်နိုင်သူ ဖြစ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ဟိမဝန္တာတောင်တန်းရှိ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးစလုံးကိုတက်နိုင်သည့် ကင်ဟုန်ဘင်းသည် ကမ္ဘာပေါ်တွင် ၄၄ ဦးမြောက်နှင့် တောင်ကိုရီးယားနိုင်ငံတွင် ခုနစ်ဦး မြောက်ဖြစ်သော်လည်း မသန်စွမ်း တစ်ဦးအနေဖြင့် ထိုသို့တက်နိုင်မှုမှာ ကမ္ဘာ့ပထမဆုံး ဖြစ်လာသည်။

ထို့ပြင် အဆိုပါတောင် ၁၄ လုံးစလုံး သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀၀ ကျော်မြင့်သည့်တောင်များဖြစ်ကြောင်း အယ်ပိုင်းကလပ်၏ထုတ်ပြန် ချက်တွင်ဖော်ပြထား သည်။

အဆိုပါတောင်တက်အဖွဲ့တွင် ကင်ဟုန်ဘင်းအပါအဝင်  တောင်တက်သမား ခြောက်ဦး ပါဝင်ပြီး ဇွန် ၁၄ ရက်တွင် ဟိမဝန္တာတောင်တန်းသို့  ထွက်ခွာလာရာ ဇူလိုင် ၁၄ ရက်အရောက်တွင် ဘရုတ်တောင်ထွတ်၏   မီတာ ၄၈၀၀ နေရာ၌ အခြေချစခန်းတစ်ခုကို  တည်ဆောက်နိုင်သည်။

ကင်ဟုန်ဘင်း၏   တောင်တက်အဖွဲ့အနေဖြင့်   အစောပိုင်းတွင် ဆိုးဝါးသော ရာသီဥတု အခြေအနေများကြောင့် အခက်အခဲများနှင့်ကြုံခဲ့ရသော်လည်း လေးရက်တိုင်တိုင်  မရပ်မနား ကြိုးစားတက်ခဲ့ရာမှ အဆိုပါတောင်ထွတ်သို့ရောက်ရှိပြီး ခရီးစဉ်ကိုအဆုံးသတ် နိုင်ခြင်းဖြစ်သည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် ကင်ဟုန်ဘင်းသည် ၁၉၉၁ ခုနှစ်တွင် မြောက်အမေရိကရှိ ၆၁၉၄ မီတာမြင့်သော မက်ကင်လီတောင်သို့တက်စဉ် နှင်းကိုက်နာကြောင့် လက်ချောင်း ၁၀ ချောင်းစလုံးကို  ဖြတ်လိုက်ရခြင်းဖြစ်သည်။

သို့သော် ၎င်း၏မသန်မစွမ်းဖြစ်နေမှုကို အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နှင့်  တိုက်လိုခိုက်လို သည့်စိတ်ဓာတ်တို့ဖြင့်ကျော်လွှားကာ မသန်သော်လည်းစွမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိအောင်ကြိုးစားပြီး   ကမ္ဘာ့အမြင့်ဆုံးတောင်များကို   တက်ရောက် ဖြတ်ကျော် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကင်ဟုန်ဘင်းက ပြောသည်။

ထို့ပြင် ၎င်း၏ယခုကဲ့သို့အောင်မြင်မှုများသည် ကိုဗစ်-၁၉ ရောဂါကြောင့် မောပန်းနေသည့်   တောင်ကိုရီးယားပြည်သူများအတွက်    အားပေးမှုတစ်ခုဖြစ်မည်ဟု  မျှော်လင့်ကြောင်း ကင်ဟုန်ဘင်းကပြောထားသည်ဟု သိရသည်။

Ref: Yonhap