လားရှိုးမြို့၌ ဆန်ဈေးတည်ငြိမ်ပြီး အရောင်းအဝယ်အေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး အရောင်းအဝယ် အေးနေကြောင်း လားရှိုးမြို့ မြို့မဈေးကြီး၌ ဆန်အရောင်းအဝယ် လုပ်ကိုင်သူ ရွှေဆင်ဆန်ဆိုင်ပိုင်ရှင် ဦးညွန့်လွင်ထံမှ သိရသည်။

ယခင်နှစ်များက မိုးကာလ တောင်သူလုပ်ငန်းများ မဝင်မီ ကျေးရွာများမှ ဒေသခံများသည် လုပ်ငန်းဝင်ချိန် စားသုံးရန်အတွက် ဆန်များကြိုတင်ဝယ်လေ့ရှိသော် လည်း ယခုနှစ်တွင် လာရောက် ဝယ်ယူသူ နည်းပါးနေသည်။ ထိုသို့ ကျေးရွာများက လာရောက်ဝယ်ယူသူ နည်းပါးနေသဖြင့် မြို့ပေါ်နေသူများကိုသာ ရောင်းချရသည်။ လက်ရှိတွင် ၂၄ ပြည် ဆန်အိတ်လိုက် ဝယ်ယူသူနည်းပါးပြီး ၁၂ ပြည်အိတ်၊ ၆ ပြည်အိတ်နှင့် ပြည်ကောက်များသာ ဝယ်ယူမှု များပြားသည်။

လားရှိုးမြို့၌ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် ၆၅ဝဝဝ၊ ဝန်ကြီးဧရာ ဆန်တစ်အိတ်လျှင် ငွေကျပ် ၆၂ဝဝဝ၊ ဖျာပုံပေါ်ဆန်းမွှေးနှင့် ပုသိမ်ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၄ဝဝဝ၊ ၅၅ဝဝဝ တို့ဖြစ်ပြီး မဂျမ်းတော၊ ဧရာမင်း၊ မှော်ဘီ၊ ဝန်ကြီးမှော်ဘီ၊ မနောသုခ၊ ဇီယာ အစရှိသည့်ဆန်များနှင့် အခြားဆန်များမှာ အနိမ့်ဆုံး ဆန်တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝဝ၊ ၃၅ဝဝဝ မှ အမြင့်ဆုံးငွေကျပ် ၆၅ဝဝဝ အထိဖြစ်သည်။

''ဆန်ဈေးက မတက်ပါဘူး၊ အရင်နှစ်က ဈေးအတိုင်း ပါပဲ၊ ဈေးကငြိမ်ပါတယ်၊ အရောင်းအဝယ်ကတော့ သိပ်မဖြစ်ဘူး၊   အခုရက်ပိုင်း ဆန်အိတ်ပိုင်းတွေနဲ့ ပြည်ကောက်ပဲ ရောင်းကောင်းတယ်၊ ဆန်ဈေး တည်ငြိမ်နေပေမယ့် တစ်ခါတစ်ရံ သယ်ယူစရိတ် ကားခကတော့ ဆန်တစ်အိတ် ၂ဝဝ/၃ဝဝ လောက်ပိုပေးရတာလည်း ရှိပါတယ်''ဟု ဆန်အရောင်းအဝယ် လုပ်ကိုင်သူ ဦးညွန့်လွင်က ပြောသည်။