လားရှိုးမြို့ အအေးပိုလာသော်လည်း အနွေးထည်များ ဝယ်ယူသူနည်းပါး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ဘူတာဈေး၌ ရောင်းချလျက်ရှိသော အဝတ်အထည်ဆိုင်များတွင် ယခုနှစ်ဆောင်းတွင်းကာလ အအေးပိုလာသော်လည်း အမျိုးသား၊ အမျိုးသမီးဝတ် အနွေးထည်များ ဝယ်ယူသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

ဘူတာဈေးရှိ အဝတ်အထည် အရောင်းဆိုင်ရှင်တစ်ဦးက ''အခုရက်ပိုင်းမှာ အအေးကနည်းနည်းပိုလာတယ်။ ဒါပေမဲ့ အနွေးဝတ် အထည်ကျတော့ ဝယ်ယူမှုနည်းပါတယ်။ ကလေးဝတ်အထည်နဲ့ ခြေအိတ်၊ လက်အိတ်၊ ခေါင်းစွပ်တွေလောက်ပဲ ရောင်းရတယ်။   လူကြီးဝတ်အထည်ကတော့ အရောင်းတော်တော်လေးကို   ပါးတယ်။

ပြီးခဲ့တဲ့နှစ်က ဒီလိုအချိန်ဆိုရင် ရောင်းရတာ မဆိုးဘူး။  ဒီနှစ်ကတော့  တစ်ရက်ကို ငွေကျပ် ၃ဝဝဝဝ ဝန်းကျင်လောက်ပဲ ရောင်းရတယ်။ ပြီးတော့ ကျွန်မတို့ဈေးက တစ်နေကုန်ဈေးမဟုတ်ဘူး။ မနက်ပိုင်းလောက်ပဲ ရောင်းရတာဖြစ်ပါတယ်။ အထည်ကတော့ အမျိုးအစားပေါ်မူတည်ပြီး    ငွေကျပ် ၂၅ဝဝ ကနေ ၁၅ဝဝဝ အထိရှိပါတယ်။

လူတော်တော်များများကတော့ ဘေထုပ်အထည်တွေကိုတော့ ဝယ်ဝတ်ကြတယ်။ ဈေးနည်းနည်း သက်သာတာလည်းပါတယ်''ဟုပြောသည်။

အဝတ်အထည်အရောင်းဆိုင်များ အနေဖြင့်   အနွေးဝတ်အထည်များ ဝယ်ယူသူနည်းပါးကာ ဝင်ငွေရရှိမှု နည်းပါးပြီး အခြားသော ကုန်ကျမှုများ ရှိနေခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။