လူမှုကွန်ယက်ပေါ်၌ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ် စေရန် သွေးထိုးလှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၇

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်း ဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာ၌ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ရေးသားခြင်း၊ တရားမဝင်အဖွဲ့အစည်းဖြစ်သည့် CRPH အား ထောက်ခံရေးသားခြင်းနှင့် CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်းများ ပြုလုပ် ခဲ့သူ ထွန်းထွန်းဝင်း(ဘ) ဦးစိန်အေး(ဇေယျာသီရိဈေး တာဝန်ခံ)အား မေ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ကမ်းနားလမ်း၊ စည်ပင်ဝန်ထမ်းအိမ်ရာ၌ ဖမ်းဆီးရမိခဲ့ပြီး မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။