လူမှုကွန်ယက်ပေါ်၌ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ် စေရန် သွေးထိုးလှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၃

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုများကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော် လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာ၌ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ အစိုးရ ဝန်ထမ်းများ CDM တွင် ပါဝင်လာအောင်စည်းရုံးလှုံ့ဆော်ခြင်းနှင့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ပုံရိပ်ကျဆင်းအောင်မဟုတ်မမှန် ရေးသားခြင်းများ ပြုလုပ်ခဲ့သည့် ပညာရေးဝန်ထမ်းများဖြစ်ကြသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ ဒေါ်အေးအေးစိမ့်(ဘ)ဦးအေးထွန်း၊ မြစ်ငယ်ရပ်ကွက်၊ ဝေဘာဂီ လမ်းနေ စိုးသီ(ဘ) ဦးကျော်ဝင်း ၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာနေ ဒေါ်သက်စုဝေ(ဘ) ဦးတင်ရှိန် ၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ စံပယ်လမ်းနေ ပြည့်ဇော်ဖြိုး(ဘ) ဦးဇော်ဦး တို့အား မေ ၂၂ ရက်တွင် ၎င်းတို့၏ နေအိမ်များ၌ အသီးသီး ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ မြို့မရဲစခန်းများ၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။