လူဦးရေ နှစ်သန်းခွဲနီးပါးရှိသော အော်စတင်မြို့၌ ICU အတွက် ခုတင်ခြောက်လုံးသာကျန်ရှိတော့

အော်စတင်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ လူဦးရေနှစ်သန်းခွဲနီးပါးရှိသော အော်စတင်မြို့၌ အထူးကြပ်မတ်ကုသခံယူမှု (ICU)အတွက် ခုတင်ခြောက်လုံးသာကျန်ရှိတော့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၇ ရက်တွင် သတိပေးထားသည်။

အဆိုပါအခြေအနေသည် အလွန်ကိုသေရေးရှင်ရေးတမျှဖြစ်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူး ဒက်စမာဝေါ့က ဒေသခံများထံ တယ်လီဖုန်း၊ အီးမေးနှင့် စာတိုပို့စနစ်တို့မှတစ်ဆင့် သတိပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ဆေးရုံများသည် လွန်စွာ ကြီးမားသည့် မနိုင်ဝန်ကိုထမ်းထားရပြီဖြစ်ကြောင်း၊ မြင့်တက်လာသောလူနာအရေ အတွက်ကြောင့် ဖြစ်ပေါ်လာသည့်ဝန်ထုပ် ဝန်ပိုးကို လျော့ပါးစေရန်လုပ်ဆောင်နိုင်သည့်အရာ   အနည်းငယ်မျှသာရှိတော့ ကြောင်း ဒက်စမာဝေါ့ကပြောသည်။ဒေသအတွင်း   ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသောလူနာအရေအတွက် များပြား လာသည့်အတွက် မြို့နယ်ကျန်းမာရေးဌာနက ကျန်းမာရေးအခြေအနေအန္တရာယ်ရှိမှုကို အဆင့် ၅ သို့တိုးမြှင့်သတိပေးပြီးနောက် ဒက်စမာဝေါ့၏ သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လတွင် ခုနစ်ရက်အတွင်း ဆေးရုံတက်ရောက်သူပျမ်းမျှအရေအတွက် ၆၀၀ ရာခိုင်နှုန်းနှင့် အထူးကြပ်မတ်ကုသမှု ခံယူရ သူအရေအတွက် ၅၇၀ ရာခိုင်နှုန်း မြင့်တက်လာသည်။

ဇူလိုင် ၄ ရက်တွင် အသက်ကူရှူစက်လိုအပ်သူအရေအတွက်မှာ ရှစ်ဦးသာရှိရာမှ သြဂုတ် ၇ ရက်တွင် ၁၀၂ ဦးအထိမြင့်တက်လာပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် ၁၀ ဦး မြင့်တက်လာသည့်အတွက် အသက်ကူရှူစက်လို အပ်သူ အရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် အော်စတင်မြို့အတွင်းနေထိုင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးရန်၊ နေအိမ်တွင်နေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးပြီးသူများလည်း နှာခေါင်းစည်းတပ်ရန် မြို့နယ်ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်မြင့်တက်နေခြင်းသည် အမေရိကန်နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေခြင်းဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရောဂါဖြစ်ပွားသူအရေအတွက် အယောက်တစ်သိန်းအထိမြင့်တက်လာခြင်းဖြစ်သည်။

သြဂုတ် ၆ ရက်အထိ သီတင်းပတ်တစ်ပတ်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်မှာ ခုနစ်သိန်းခွဲရှိသည့်အတွက် ယခုနှစ်ဖေဖော်ဝါရီလအစောပိုင်းမှစ၍ တစ်ပတ်အတွင်းရောဂါဖြစ်ပွားသူအရေအတွက်အမြင့်ဆုံးဖြစ်သည်။ပြီးခဲ့သည့်လများတွင်   နိုင်ငံ အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများအရှိန်ကျဆင်းပြီးနောက် အရှိန်ပြန်လည်မြှင့်တင်နေစဉ် ရောဂါဖြစ်ပွားသူအရေအတွက် ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း  သိရသည်။

Ref: Bloomberg