လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်

နေပြည်တော်  မေ  ၂၂

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low  Pressure  Area)သည် ဆက်လက်တည်ရှိနေပါသည်။  အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မေ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ မေ ၂၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic  Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

လေဖိအားနည်းရပ်ဝန်း (Low  Pressure  Area)၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်  မိုင် ၃ဝ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၁ဝ ပေခန့်ရှိနိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။                                   

  (မိုး/ဇလ)