လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင်အား မီးရှို့ဖျက်ဆီးသူများ အား ဖမ်းဆီးရမိ

လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင်အား မီးရှို့ဖျက်ဆီးသူများ အား ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ - ၁၆

ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိသည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး တာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိ သည်။

ထိုသို့ ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ ပြည်သာအေးတိုးချဲ့(၂)လမ်းရှိ Mytel တာဝါတိုင်အား ဓာတ်ဆီလောင်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံ စုံစမ်းဖော်ထုတ် ခဲ့ရာ အဆိုပါတာဝါတိုင်အား မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအနက် လှည်းကူးမြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ရိပ်သာရပ်ကွက်နေ ကိုကိုချစ် (ခ)ဝေဖြိုး(၂၄)နှစ် (ဘ)ဦးစောထွေးနှင့် ပြည်တော်သာ(၄)လမ်း၊ ပြည်တော်သာရပ်ကွက်နေ သဲအိဖြူ (၃၂)နှစ်(ဘ)ဦးသန်းဝင်းတို့အား စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကနဦးဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် Mytel တာဝါတိုင် မီးရှို့မှုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး NLD ပါတီဝင်တစ်ဦးဖြစ်သည့် စည်သူ နှင့် သိန်းတန် (လှည်းကူးမြို့နယ်၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း)တို့က စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများအား တရားဉပဒေအရ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တာဝါတိုင်အား မီးရှို့ဖျက်ဆီးရန် စေခိုင်း သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး အပူတပြင်းစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။