လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ လူသတ်မှု၊ အဆောက် အဦအား မီးရှို့ဖျက်ဆီးမှုနှင့် ပစ္စည်းခိုးယူမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ ဇွန် - ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသန်းဦး(ခ)ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဇော်ဇော်အောင်(ခ)အရိုး(ဘ)ဦးကြည်လွင် အပါအဝင် ဆူပူအကြမ်းဖက်သူ ၂၁ ဦးတို့သည် ဝိုင်းဝန်းခြိမ်းခြောက်ဖမ်းဆီး၍ ဦးသန်းဦး (ခ)ဦးမြင့်ဌေး အား တံတားဖြူထိပ်ရှိ ဓာတ်တိုင်တွင် လည်းကောင်း၊ ဦးမြသန်း(ခ) စွန်ရဲ အား တံတားဖြူထိပ်ကုက္ကိုပင်တွင်လည်းကောင်း အသီးသီးကြိုးဖြင့် တုပ်နှောင် ထားပြီး ဝိုင်းဝန်းရိုက်နှက်၍ လမ်းဘေးရှိသော တာယာကွင်းအဟောင်းများအား စုပုံကာ ဓာတ်ဆီဖျန်းမီးရှို့သတ်ခဲ့ကြခြင်းဖြင့် လူသတ်မှုကို ကျူးလွန်မှု၊ အားပေးကူညီမှုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂)/၁၁၄ အရ ၎င်းတို့အား မေ ၃၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ကြံကြီး(ခ)ကျော်မိုးထက်၊ ဇော်မိုးထက်၊ အရှည်ကြီး(ခ)ဝတုတ်၊ ဖိုးသင်္ကြန်၊ ဟန်ဦး၊ နွယ်ထွန်း၊ မင်းမင်း(ခ) ကိုမင်း၊ ထွန်းထွန်းအောင်(ခ)ဂျပန်ကြီး(ခ)ဘိုထွန်း(ခ)ဝင်းနိုင်၊ တင်ထိုက်(ခ) မောင်ထိုက်၊ လင်းလင်း(ခ)ဘယ်လေး၊ သီဟ၊ ဌေးဌေးဦးနှင့် အေးမော် တို့သည် ထွက်ပြေး လွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

 
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ်(၁၄၈/၁၅၃)ဝန်ဆောင်မှုလမ်းရှိ GTIG Easter အထည်ချုပ်စက်ရုံနှင့် အမှတ် (၄၉/၁၄၇)၊ ဝန်ဆောင်မှုလမ်းရှိ GTIG Hubo အထည်ချုပ်စက်ရုံတို့အား မတ် ၁၄ ရက်တွင် အာကာကျော်(ခ)အာကာ(ဘ)ဦးကျော်ခိုင် အပါအဝင် ဆူပူအကြမ်းဖက်သူ ၈ ဦးတို့သည် ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်ကာ မိးရှို့ဖျက်ဆီးခဲ့မှုနှင့် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မတ် ၃၀ ရက်တွင် ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ခဲ့မှုတို့ဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုပြုခဲ့ခြင်းတို့အတွက် ၎င်းတို့အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆/၃၄ နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ-၆(၁)တို့အရ ၎င်းအား မေ ၃၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်ခဲ့သည်။

 
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် အောင်ကိုထက်(ခ)မိနွဲ့၊ သီရိမြင့်ဆွေ နှင့် သီဟနိုင် တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ သည်။

အလားတူ မတ် ၁၄ ရက်တွင် ဝင်းနိုင်(ခ)အောင်ဗလ(ဘ)ဦးမောင်ထူး အပါအဝင် ဆူပူအကြမ်းဖက်သူ ၇ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဒေါ်ဖွားရှင်လမ်း ရှိ SOLAMODA (Myanmar Sun View) အထည်ချုပ်စက်ရုံ အတွင်းသို့ဝင်၍ အသင့်ယူဆောင်လာသော ဓာတ်ဆီ ပုလင်း/ဓာတ်ဆီပုံးများ ဖျန်းပက်ကာ စက်ရုံအား မီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါ စက်ရုံအတွင်းမှ နိုင်ငံခြားငွေစက္ကူရောရာ များထည့်ထားသည့် (၂)ပေပတ်လည်ခန့်ရှိ မီးခံသေတ္တာ(၁)လုံးအား ခိုးယူခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ နှင့် ရာဇသတ်ကြီးပုဒ်မ-၃၈၀ တို့အရ ၎င်းအား မေ ၃၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် မြတ်စိုးသူ၊ မြင့်ဦး၊ မောင်ထွေး၊ ကုလား၊ ကြယ်စီနှင့် ချစ်ကို တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။