ဝါရင့်ခံစစ်ကစားသမား ရာမို့စ် ခြေသလုံး<ကက်သားဒဏ်ရာကြောင့် နှစ်လခန့်အထိ အနားယူရဖွယ်ရှိဟု ပီအက်စ်ဂျီအသင်းထုတ်ပြန်

ပဲရစ်၊ ဘောလုံး

ပီအက်စ်ဂျီအသင်းမှ ဝါရင့်ခံစစ်ကစားသမား  ရာမို့စ် အနေဖြင့်  ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နှစ်လ ခန့်အထိ  အနားယူရဖွယ် ရှိသည်ဟု သတင်းထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ်  ရာမို့စ်သည်  လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ  ပီအက်စ်ဂျီ အသင်းသို့  အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ရာမို့စ်သည် ပြီးခဲ့သည့်ဘောလုံးရာသီကတည်းက ရီးယဲလ်မက်ဒရစ်အသင်းတွင် ပေါင်ခြံကြွက်သားဒဏ်ရာ ကြောင့်  အနားယူခဲ့ရပြီး အစောပိုင်းက  ပြန်လည်သက်သာခဲ့သော်လည်း ပီအက်စ်ဂျီအသင်းနှင့် လေ့ကျင့်ရေးအစီအစဉ်တွင်   ခြေသလုံးကြွက်သား ဒဏ်ရာ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ရာမို့စ်၏ဒဏ်ရာမှာ ပြင်းထန်ဖွယ် မရှိသည့်အတွက် အနည်းဆုံးရက်သတ္တနှစ်ပတ်ခန့်သာ အနားယူရဖွယ်ရှိသည်ဟု     သတင်းထုတ်ပြန်ထား သော်လည်း   အသေးစိတ်ဆေးစစ်မှုများပြုလုပ်ခဲ့ရာတွင်  ဒဏ်ရာမှာပုံမှန်ထက် ပြင်းထန်နေသောကြောင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝစေရေးအတွက်  နှစ်လခန့်အထိအနားယူရဖွယ်ရှိသည်။

ရာမို့စ်အနေဖြင့် နှစ်လခန့်အထိ အနားယူရမည် ဖြစ်၍ အသင်းနှင့်ပွဲစဉ် ခုနစ်ပွဲခန့် လွဲချော်ရဖွယ်ရှိနေပြီး အောက်တိုဘာလ နှောင်းပိုင်းမှသာ ပြန်လည်ကစားနိုင် ဖွယ်ရှိကြောင်း သိရသည်။       

Ref;L'Equipe