သက်တမ်းအရှည်ဆုံးသော သမိုင်းထဲကစစ်ပွဲများ (၁)

လူသားတွေဟာ လက်နက်ကိရိယာတွေ စတင်တီထွင်ထုတ်လုပ်နိုင်ပါပြီဆိုကတည်းက စစ်ပွဲများဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ နယ်မြေလုစစ်ပွဲတွေဖြစ်ပြီး တချို့စစ်ပွဲတွေက ရက်ပိုင်းမျှလောက်နဲ့ပြီးသွားတတ် ပေမယ့် တချို့စစ်ပွဲတွေကတော့ နှစ်ပေါင်းများစွာကြာလေ့ရှိပါတယ်။

ယနေ့ခေတ်လူအများစုကတော့ သက်တမ်းအရှည်ဆုံးသော စစ်ပွဲလို့ပြောလိုက်ရင် ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အကြောင်းကိုပဲ မျက်စိထဲပြေးမြင်လေ့ရှိပါတယ်။

တကယ်တမ်း လူသားတွေရဲ့သမိုင်းမှာဖြစ်ပွားခဲ့ဖူးတဲ့စစ်ပွဲတွေက ဆယ်စုနှစ်နဲ့ချီတာရှိသလို ရာစုနှစ်နဲ့ချီတဲ့ အထိကြာမြင့်တဲ့ စစ်ပွဲတွေအများအပြားရှိပါတယ်။

ဒါကြောင့် ဒီကနေ့တင်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လူသားတွေရဲ့သမိုင်းမှာ သက်တမ်း အရှည်ဆုံးသော စစ်ပွဲများအကြောင်းပဲဖြစ်ပါတယ်။

 

ရီကွန်ကီစတာစစ်ပွဲ

 

ရီကွန်ကီစတာဆိုတာကတော့ အိုက်ဘေးရီးယန်းခရူးဆိတ်လို့အမည်ရတဲ့စစ်ပွဲဖြစ်ပြီး ကြာမြင့်တဲ့နှစ်ပေါင်းက ၇၈၁ နှစ်ဖြစ်ပါတယ်။

ခရစ်နှစ် ၇၁၁ ခုနှစ်မှာ မြောက်အာဖရိကမူဆလင်များက ဗစ်ဆစ်ဂေါ့တို့လက်ထဲကနေ အိုက်ဘေးရီးယန်း ကျွန်းဆွယ်ကို ရယူသိမ်းပိုက်ခြင်းဖြင့် ဒီစစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

အိုက်ဘေးရီးယန်းကျွန်းဆွယ်ဆိုတာကတော့ ဥရောပတိုက်အနောက်တောင်ထောင့်မှာရှိတဲ့ ကျွန်းဆွယ်ဖြစ်ပြီး စပိန်နဲ့ပေါ်တူဂီနိုင်ငံတို့ပါဝင်ပါတယ်။

၁၁ ရာစုအတွင်းမှာတော့ ဥရောပဒေသတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်သူရဲကောင်းတွေက စပိန်နဲ့ ပေါ်တူဂီနယ်မြေတွေကို သူတို့အပိုင်အဖြစ်နဲ့ပြန်တောင်းဖို့ကြိုးပမ်းပါတယ်။

ဒီလိုကြိုးပမ်းမှုကနေထွက်ပေါ်လာတဲ့ စစ်ပွဲတွေကိုတော့ အစဉ်အဆက်ပုပ်ရဟန်းမင်းကြီးများက စစ်ဖြစ်ပွား စဉ်ကာလတစ်လျှောက်လုံးထောက်ခံခဲ့ပါတယ်။

၁၀၈၅ ခုနှစ်မှာ ခြောက်ဆက်မြောက် အယ်ဖွန်ဆိုဘုရင်က စပိန်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေရဲ့ မြို့တော်ဖြစ်တဲ့ တိုလီဒိုကိုပြန်လည်သိမ်းပိုက်ခြင်းဖြင့် ခရစ်ယာန်ဘာသာဝင်တွေအတွက် ပထမဆုံးသော မဟာအောင်ပွဲကြီးကို  ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။

ရာစုနှစ်တစ်ခုကြာပြီးတဲ့နောက်မှာတော့ အာဖရိကမူဆလင်များက လက်စနာဗက်ဒီတိုလိုဆာစစ်ပွဲကို အကြီး အကျယ်ရှုံးနိမ့်ပြီး ဘယ်လိုမှကိုနာလန်ပြန်မထူနိုင်တော့တဲ့အခြေအနေကို ရောက်ရှိသွားပါတယ်။

၁၂၅၂ ခုနှစ်အရောက်မှာ အာဖရိကမူဆလင်တွေလက်ထဲမှာရှိတာဆိုလို့ ဂရာနာဒါမြို့တစ်မြို့ပဲရှိပါတော့တယ်။ အဲဒီမြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ၁၄၉၂ ခုနှစ်မှာတော့ ရာစုနှစ်ပေါင်းများစွာကြာမြင့်တဲ့ ရီကွန်ကီစတာ စစ်ပွဲကြီးဟာလည်း ပြီးဆုံးသွားပါတော့တယ်။

အထူးသဖြင့် ဒီစစ်ပွဲဟာ ဘာသာရေးစစ်ပွဲကြီးဖြစ်ပါတယ်။ အိုက်ဘေးရီးယားဒေသဟာ ခရစ်ယာန်ဘာသာဝင် တွေလက်အောက်ပြန်ရောက်သွားချိန်မှာတော့ ဗလီအများစုကို ဘုရားရှိခိုးကျောင်းတွေအဖြစ်ပြောင်းလဲပြီး မူဆလင်တွေအတွက် ဗလီအနည်းငယ်ကိုချန်ထားပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒီစစ်ပွဲကြီးဟာ စပိန်တွေနဲ့ပေါ်တူဂီတွေအနေနဲ့ ကမ္ဘာသစ်ကိုအောင်နိုင်တဲ့ စစ်ပွဲကြီးလို့ပင် ပြောစမှတ်တွင်ခဲ့ပါတယ်။

 

အင်္ဂလိပ်-ပြင်သစ် စစ်ပွဲ

 

၁၀၆၆ ခုနှစ်မှာ နော်မန်ဒီမြို့စား ဝီလီယံက ပြင်သစ်စစ်သည် ၇၀၀၀ နဲ့အတူ အင်္ဂလန်ကိုကျူးကျော်ရာကနေ အင်္ဂလိပ်-ပြင်သစ်စစ်ပွဲ စတင်ဖြစ်ပွားတာဖြစ်ပါတယ်။

နတ်ရွာစံသွားပြီဖြစ်တဲ့ အင်္ဂလန်ဘုရင်ကြီးရဲ့အမျိုးစပ်ရင် ညီအစ်ကိုတစ်ဝမ်းကွဲတော်တဲ့ ဝီလီယံက သူ့အနေနဲ့ အင်္ဂလန်ထီးနန်းကိုရပိုင်ခွင့်ရှိတယ်လို့ယုံကြည်နေပါတယ်။

ဒီလိုယုံကြည်မှုကြောင့်စတင်ဖြစ်ပွားတဲ့ အဲဒီစစ်ပွဲဟာ နှစ်ပေါင်း ၇၅၀ နီးပါး အတိအကျဆိုရရင် နှစ်ပေါင်း ၇၄၈ နှစ်အထိကြာမြင့်ခဲ့ပါတယ်။

အဲဒီစစ်ပွဲကြီးမှာ နာမည်အမျိုးမျိုးနဲ့စစ်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ပါသေးတယ်။ ခုနစ်နှစ်စစ်ပွဲလို့ခေါ်တဲ့ ပြင်သစ်-အင်ဒီးယန်းစစ်ပွဲကလည်းအပါအဝင်ဖြစ်ပါတယ်။

သွေးချောင်းစီးတိုက်ပွဲတစ်ဖြစ်လဲ ခုနစ်နှစ်စစ်ပွဲမှာ အင်္ဂလိပ်တို့ဘက်ကအနိုင်ရရှိခဲ့ပြီး မြောက်အမေရိကထဲ ဝင်ဖို့ ကြိုးပမ်းတဲ့ပြင်သစ်တွေကို အင်္ဂလိပ်တွေက သုတ်သင်နိုင်ခဲ့ပါတယ်။

အင်္ဂလိပ်-ပြင်သစ်စစ်ပွဲကြီးပြီးဆုံးတဲ့အချိန်ကတော့ ရက်ပေါင်း ၁၀၀ စစ်ပွဲဖြစ်ပွားတဲ့ ၁၈၁၅ ခုနှစ်မှာပါ။ အဲဒီအချိန်တုန်းက မကြာခဏပြည်နှင်ဒဏ်အပေးခံနေရတဲ့ နပိုလီယံဘိုနာပတ်ဟာ ပြင်သစ်ကိုပြန်သွားပါ တယ်။

ဒီအချိန်မှာပဲ အင်္ဂလန်နဲ့ တခြားနိုင်ငံအများအပြားက မဟာမိတ်ဖွဲ့ပြီး ကမ္ဘာကျော် ဝါတာလူးတိုက်ပွဲမှာ ပြင်သစ်တွေကိုချေမှုန်းပါတယ်။

နောက်ဆုံးမှာတော့ နပိုလီယံဘိုနာပတ်ဟာ စစ်ရှုံးပြီး နောက်တစ်ကြိမ်ပြည်နှင်ဒဏ်အပေးခံလိုက်ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ နပိုလီယံဘိုနာပတ်ဟာ စိန့်ဟယ်လင်နာကျွန်းကိုရောက်သွားပြီး ခြောက်နှစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

 

ဘစ်ဇန်တင်း-ဘူဂေးရီးယားစစ်ပွဲ

 

ပထမဘူဂေးရီးယားအင်ပါယာစတင်တည်ထောင်တဲ့ ခရစ်နှစ် ၆၈၁ ခုနှစ်မှာပဲ အရှေ့ရောမအင်ပါယာလို့ လူသိများတဲ့ ဘစ်ဇန်တင်းအင်ပါယာနဲ့ နှစ်ပေါင်း ၇၁၅ နှစ်ကြာစစ်ပွဲကို စတင်ဆင်နွှဲပါတယ်။

အဓိကအကြောင်းရင်းကတော့ ဘစ်ဇန်တင်းအင်ပါယာက နိုင်ငံအနောက်တောင်ပိုင်းကို နယ်မြေချဲ့ထွင် မှုကြောင့်ဖြစ်ပြီး အစောပိုင်းကာလတွေမှာ ဘူဂေးရီးယားအင်ပါယာက အောင်ပွဲအလီလီဆွတ်ခူးနိုင်ခဲ့ပါတယ်။

၁၀ ရာစုကိုရောက်တဲ့အချိန်မှာတော့ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအပါအဝင် စစ်ပွဲပေါင်းများစွာကိုဆင်နွှဲနေရတဲ့ ဘူဂေးရီးယားအင်ပါယာဟာ အင်အားချည့်နဲ့လာပါတော့တယ်။

ဒါကြောင့် ၁၀၁၈ ခုနှစ်မှာ ဘူဂေးရီးယားအင်ပါယာဟာ ဘစ်ဇန်တင်းအင်ပါယာ လက်အောက်ကို ကျရောက် သွားခဲ့ရပြီး ပုန်ကန်မှုတွေလုပ်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း ဘူဂေးရီးယားတို့ဟာ သူတို့ရဲ့နယ်မြေအချို့ကို ဘစ်ဇန်တင်းအင်ပါယာကနေ ပြန်လည် တောင်းယူနိုင်ခဲ့ပေမယ့် ပြည်တွင်းမှာဆူပူမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ  ဒုတိယဘူဂေးရီးယား အင်ပါယာထူထောင်မှု သဘောတူစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပေမယ့် ဖြစ်ပွားနေတဲ့စစ်ပွဲကတော့ ရပ်ဆိုင်းသွားခြင်း မရှိသေးပါဘူး။

ဘူဂေးရီးယားအင်ပါယာက အော့တိုမန်အင်ပါယာလက်အောက်ကိုကျရောက်သွားတဲ့ ၁၃၉၆ ခုနှစ်ကျမှသာ ဘစ်ဇန်တင်း-ဘူဂေးရီးယားစစ်ပွဲပြီးဆုံးသွားပါတယ်။

အဲဒီစစ်ပွဲပြီးဆုံးပြီးနောက် ၅၇ နှစ်အကြာမှာ ဘစ်ဇန်တင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ဟာ အော့တိုမန်တို့ရဲ့လက်အောက်ကို ကျရောက်သွားပြန်ပါတယ်။

 

နွေဦး