သမုဒ္ဒရာထဲကနေရှာဖွေတွေ့ရှိတဲ့ တန်ဖိုးအကြီးဆုံးပစ္စည်းများ(၂)

အန်တီကက်သီရာ စက်ပစ္စည်း

၁၉၀၀ ပြည့်နှစ်တုန်းက  ဂရိရေငုပ်သမားအဖွဲ့တစ်ဖွဲ့ဟာ  ရှေးဟောင်းသင်္ဘောပျက်လို့ယူဆရတဲ့ အရာတစ်ခု ကို ပင်လယ်ရေအောက်မှာတွေ့ရှိခဲ့ပါတယ်။

မှတ်တမ်းတွေအရတော့ အဲဒီသင်္ဘောဟာ ဘီစီ ၄ ရာစုလောက်ကဖြစ်မယ်လို့ခန့်မှန်းရပြီး ဒင်္ဂါးများ၊ ရုပ်တုများ အမြောက်အမြားကိုတင်ဆောင်လာတဲ့သင်္ဘောဖြစ်ပါတယ်။

နောက်တစ်နှစ် ၁၉၀၁ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် ဗယ်လာရီယော့စတေးက အဲဒီသင်္ဘော ပျက်ကို သုတေသနပြုလေ့လာမှုများပြုလုပ်ခဲ့ရာ နာရီတစ်လုံးနဲ့အလားသဏ္ဌာန်တူတဲ့ စက်ပစ္စည်းတစ်မျိုးကို ထပ်မံတွေ့ရှိလိုက်ပါတယ်။

တကယ်တမ်းကျတော့ အဲဒီစက်ပစ္စည်းက နာရီတစ်လုံးထက်ကိုပိုပြီး ကမ္ဘာ့ပထမဆုံးကွန်ပျူတာလို့တောင် တင်စားခေါ်ဝေါ်ခံရနိုင်တဲ့ စက်ပစ္စည်းဖြစ်နေပါတယ်။

အဲဒီစက်ပစ္စည်းမှာ အလွန်ရှုပ်ထွေးစွာတပ်ဆင်ထားတဲ့ ဘီးလုံးလေးတွေ၊ ခွေးသွားစိပ်တွေအမြောက်အမြား ပါဝင်ပြီး နေကြတ်ခြင်း၊ လကြတ်ခြင်းတို့လိုမျိုး နက္ခတ္တဗေဒနဲ့ သက်ဆိုင်တဲ့ဖြစ်စဉ်တွေကိုခန့်မှန်းနိုင်တဲ့အပြင် လေးနှစ်တစ်ကြိမ်ကျရောက်တဲ့ အိုလံပစ်အားကစားပွဲကိုလည်း ခန့်မှန်းနိုင်ပါတယ်။

အန်တီကက်သီရာစက်ပစ္စည်းရဲ့တန်ဖိုးကိုသတ်မှတ်နိုင်ဖို့အတွက် ပညာရှင်တွေက ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အခုတော့ အဲဒီစက်ပစ္စည်းရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၉၀၀ ဝန်းကျင်ရှိ တယ်လို့ သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အေသင်မြို့မှာရှိတဲ့ ပြတိုက်မှာခင်းကျင်းပြသထားပြီး ပညာရှင်တွေကလည်း အဲဒီစက်ပစ္စည်းနဲ့ပတ်သက်လို့ ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။

 

HMS Victory သင်္ဘော

HMS Victory ဆိုတာ ၁၈၀၅ ခုနှစ်တုန်းက သမိုင်းဝင်ရေကြောင်းတိုက်ပွဲဖြစ်တဲ့ ထရာဖယ်ဂါတိုက်ပွဲမှာ စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်ခဲ့တဲ့ စစ်သင်္ဘောတစ်စင်းဖြစ်ပါတယ်။ အခုတော့ အဲဒီသင်္ဘောကို ရေတပ်မှ အနားပေးကာ လန်ဒန်မြို့မှာရှိတဲ့ နာမည်ကျော်ခရီးသွားနေရာအဖြစ် ပြောင်းလဲထားပါပြီ။

အခုပြောမယ့်သင်္ဘောကတော့ အဲဒီသင်္ဘောမဟုတ်ပါဘူး။ အဲဒီသင်္ဘောနဲ့နာမည်တူ သာမန်သင်္ဘောတစ်စင်း ဖြစ်ပြီး ၁၇၄၄ ခုနှစ်တုန်းက မုန်တိုင်းကြောင့် အင်္ဂလိပ်ရေလက်ကြားမှာနစ်မြုပ်ခဲ့ကာ သင်္ဘောပါသူအားလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။

သူနဲ့မရှေးမနှောင်းမှာ အထက်မှာဖော်ပြခဲ့တဲ့စစ်သင်္ဘောက နာမည်ကျော်ကြားသွားတဲ့အတွက် လူအများစုက အင်္ဂလိပ်ရေလက်ကြားမှာနစ်မြုပ်သွားတဲ့ HMS Victory ကို မေ့လျော့သွားပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာတော့ ပြန်လည်နာမည်ကြီးဖို့ဖြစ်လာခဲ့ပါတယ်။

ပင်လယ်ရေကြောင်း စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့ဟာ အင်္ဂလိပ်ရေလက်ကြားမှာ နစ်မြုပ်သွားတဲ့သင်္ဘောရဲ့ တည်နေရာအတိအကျကို  တိတ်တဆိတ်ပဲရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ နစ်မြုပ်ချိန်မှာ ရွှေတန်ချိန် ၄ တန်ကိုသယ်ဆောင်သွားတယ်ဆိုပြီး  သူတို့က သတင်းအတိအကျရရှိခဲ့ပါတယ်။

အဲဒီရွှေတွေရဲ့တန်ကြေးဟာ ဒီကနေ့ပေါက်ဈေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေး ရှိပါတယ်။ ဒါတောင်မှ ရွှေတွေရဲ့ တန်ဖိုးကိုပဲတွက်ချက်တာဖြစ်ပြီး သင်္ဘောပေါ်ပါတဲ့ ကြေးအမြောက်တွေနဲ့ တခြားရှေးဟောင်းပစ္စည်းတွေရဲ့ တန်ဖိုးတွေမပါဝင်သေးပါဘူး။

ဒီလိုမျိုး ရွှေတွေအပြည့်နဲ့သင်္ဘောကိုရှာဖွေတွေ့ရှိမှုဟာ အင်္ဂလန်နိုင်ငံမှာ အုတ်အော်သောင်းတင်းဖြစ်သွားပြီး သင်္ဘောနစ်မြုပ်ချိန်က အဲဒီသင်္ဘောနစ်မြုပ်မှုဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းပေမယ့် အခုအချိန်မှာတော့ သင်္ဘောကိုပြန်ရှာတွေ့မှုက ပျော်ရွှင်မှုတွေနဲ့အဆုံးသတ်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။

 

ဖလော်ဒီလာမာသင်္ဘော

ပေါ်တူဂီဘာသာစကားနဲ့ဆိုရင် ဖလော်ဒီလာမာလို့အသံထွက်ပြီး အဓိပ္ပာယ်ပြန်လိုက်ရင် ပင်လယ်ပြင်ရဲ့ ပန်းတစ်ပွင့်လို့ အဓိပ္ပာယ်ရတဲ့စစ်သင်္ဘောကတော့ ၁၆ ရာစုနှစ်အစောပိုင်းက ပေါ်တူဂီတို့ရဲ့လက်ရာ အမြောက်ဆုံး သင်္ဘောတွေအနက် တစ်စင်းအဖြစ်ပါဝင်ပါတယ်။

စစ်သင်္ဘောဖြစ်တဲ့အလျောက် တိုက်ပွဲမှာထိခိုက်မှုတွေရှိတဲ့အတွက် ပြင်ဆင်မှုတွေလုပ်ခဲ့ရပေမယ့်လည်း ၁၅၁၁ ခုနှစ်မှာ ဖလော်ဒီလာမာဟာ ရတနာပစ္စည်းတွေ သယ်ဆောင်ဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။

အဲဒီလိုတာဝန်ပေးခြင်းခံရတဲ့အချိန်မှာပဲ သင်္ဘောဟာ ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်ခဲ့ရတာပါ။ ဒါပေမဲ့ အခုအချိန်အထိတော့ အဲဒီသင်္ဘောကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။

၁၉၉၂ ခုနှစ်မှာ လူတစ်ဦးက ဖလော်ဒီလာမာသင်္ဘောကိုတွေ့ရှိထားကြောင်းပြောပေမယ့် အဲဒီသင်္ဘောဟာ တကယ့်အစစ်လား၊ တခြားသင်္ဘောတစ်စင်းလားဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့သက်သေမပြနိုင်သေးပါဘူး။

လတ်တလောမှာတော့ ပေါ်တူဂီ၊ စပိန်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကြားမှာ တရားစွဲဆိုပြိုင်ဆိုင်မှု တွေဖြစ်ပွားပြီးနောက် အဲဒီသင်္ဘောကို ရှာဖွေခွင့်ဖျက်သိမ်းလိုက်ပါတယ်။

တကယ်လို့သာ ၁၉၉၂ ခုနှစ်မှာတွေ့ရှိတဲ့သင်္ဘောဟာ ဖလော်ဒီလာမာသင်္ဘော အစစ်သာဆိုရင်တော့ သူ့မှာ ပါဝင်တဲ့ရတနာသိုက်ကြီးကို တူးဖော်မယ့်သူတွေကို ယနေ့အချိန်ထိစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

အဲဒီရတနာသိုက်ကြီးရဲ့တန်ကြေးကတော့ ဒီကနေ့ပေါက်ဈေးအရဆိုရင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အထိ ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။

 

RMS Republic သင်္ဘော

RMS Republic သင်္ဘောဆိုတာ ရေနွေးငွေ့စွမ်းအင်သုံးပင်လယ်ကူးသင်္ဘောကြီးဖြစ်ပြီး ဝှိုက်စတားလိုင်း သင်္ဘောကုမ္ပဏီက ၁၉၀၃ ခုနှစ်မှာ စတင်ပြေးဆွဲတဲ့သင်္ဘောဖြစ်ပါတယ်။

၁၉၀၉ ခုနှစ်မှာတော့ လူချမ်းသာတွေနဲ့သန်းကြွယ်သူဌေးအများအပြားကိုတင်ဆောင်လာတဲ့ အဲဒီသင်္ဘောဟာ မြူထူထပ်နေချိန်မှာ တခြားသင်္ဘောတစ်စင်းနဲ့တိုက်မိပြီး နစ်မြုပ်သွားပါတယ်။

RMS Republic ဟာ ကမ္ဘာပေါ်မှာ မားကိုနီကြိုးမဲ့ရေဒီယိုဆက်သွယ်ရေးစနစ်ကို ပထမဆုံးအသုံးပြုတဲ့ သင်္ဘောဖြစ်တာကြောင့် သင်္ဘောတိုက်မိပြီးချိန်မှာ အကူအညီတောင်းခံနိုင်ခဲ့ပါတယ်။

အဲဒီလိုကြိုးမဲ့ ရေဒီယိုဆက်သွယ်ရေးစနစ်ကြောင့်ပဲ ကယ်ဆယ်ရေးသမားတွေရောက်ရှိလာပြီး သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့သူတွေအနက် လူ ၁၅၀၀ လောက်ကို ကယ်ဆယ်လိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်း သင်္ဘောကြီး နစ်မြုပ်သွားချိန်မှာတော့ တန်ဖိုးကြီးပစ္စည်းအမြောက်အမြားဟာ သင်္ဘောနဲ့အတူ ပင်လယ်ရေအောက်ကို ဆင်းသက်သွားရပါတယ်။

ဒါ့အပြင် အဲဒီသင်္ဘောကြီးဟာ ရုရှားနိုင်ငံအတွက်ရည်ရွယ်ထားတဲ့ ရွှေပမာဏ အမြောက်အမြားကိုလည်း သယ်ဆောင်လာတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

အခုအချိန်အထိတော့  သင်္ဘောကြီးတစ်ခုလုံးကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။  ဒါပေမဲ့ ဟိုတစ်စ၊ ဒီတစ်စ တွေ့ရှိရတဲ့ သင်္ဘောပါပစ္စည်းတချို့ကိုကြည့်ခြင်းအားဖြင့် ဒီသင်္ဘောဟာ ကမ္ဘာပေါ်မှာတန်ကြေး အကြီးမားဆုံး သင်္ဘောပျက်ကြီးဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။

နွေဦး