သမုဒ္ဒရာထဲကနေရှာဖွေတွေ့ရှိတဲ့ တန်ဖိုးအကြီးဆုံးပစ္စည်းများ(၃)

ဟီရာကလီယွန်ရတနာသိုက်

အီဂျစ်တွေကတော့ သောနစ်လို့ခေါ်ပေမယ့် ဂရိတွေက ဟီရာကလီယွန်လို့ခေါ်တဲ့မြို့ကလေးဟာ တစ်ခါတစ်ရံ မှာတော့ ဒဏ္ဍာရီတစ်ပုဒ်အလားဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဖြစ်ရပ်မှန်အနေနဲ့ထွက်ပေါ်လာလေ့ရှိပါတယ်။ တစ်ချိန်က အလက်ဇန်းဒရီးယားမြို့ အနီးမှာရှိတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ကလေး ဟီရာကလီယွန်ဟာ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုနဲ့ကြုံတွေ့ရပြီး လှိုင်းလုံးကြီးတွေအောက် နစ်မြုပ်သွားခဲ့တယ်လို့ဆို ပါတယ်။

ဒီဖြစ်စဉ်ဟာ ဒဏ္ဍာရီလာကျွန်းတစ်ကျွန်းဖြစ်တဲ့ အတ္တလန်တစ်ကျွန်းဖြစ်စဉ်နဲ့တူတယ်လို့ ပညာရှင်တချို့က ယုံကြည်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြောဆိုမှုတွေရှိပေ မယ့်လည်း အဲဒီနေရာကို ရှာဖွေတွေ့ရှိတာကတော့ ၂၀၀၀ ပြည့်နှစ်မှာပါ။

ရှာဖွေတွေ့ရှိလိုက်ချိန်မှာတော့ ဟီရာကလီယွန်မြို့ကလေးမှာပါဝင်တဲ့ အရာဝတ္ထုအမြောက်အမြားဟာ ပင်လယ်ကြမ်းပြင် အောက်မှာနစ်မြုပ်နေပြီး အဲဒီထဲကမှ ရုပ်တုတချို့ကိုသာ မြေပေါ်ကို ဆွဲတင်ယူနိုင်ပါ သေးတယ်။ မြေပြင်ပေါ်ရောက်ရှိလာတဲ့ ပစ္စည်းတွေရဲ့တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ တကယ်တမ်းမှာတော့ မြေပြင်ပေါ်ရောက်လာတဲ့ပစ္စည်းပမာဏက အမှန်တကယ် ရှိတဲ့ပစ္စည်းပမာဏထဲကမှ ၅ ရာခိုင်နှုန်းသာရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ကျန်ရှိ နေတဲ့ပစ္စည်းတွေကိုသာ မြေပြင်ပေါ်ကိုသယ်ယူနိုင်မယ်ဆိုရင် ဟီရာကလီယွန်ရတနာသိုက်ရဲ့တန်ဖိုးဟာ အဖိုးအနဂ္ဃ ထိုက်တန်ပါလိမ့်မယ်။

ဆန်ဟိုဆေးသင်္ဘော

စပိန်ရေတပ်မှ ရွက်တိုက်သုံးခုတောင်ပါတဲ့ စပိန်ရွက်သင်္ဘောကြီး ဆန်ဟိုဆေးဟာ ၁၇၀၈ ခုနှစ်တုန်းက ကိုလံဘီယာနိုင်ငံ ကာတာဂျီးနားကမ်းလွန်မှာဖြစ်တဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ နစ်မြုပ်သွားပါတယ်။

ဒီသင်္ဘောဟာ စပိန်တို့ရဲ့နာမည်ကျော်စစ်ပွဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့တဲ့ သင်္ဘောဖြစ်ပြီး ရွှေတွေ၊ ဒင်္ဂါးပြားတွေနဲ့ တခြားတန်ဖိုးကြီးရတနာတွေကို တင်ဆောင်ထားပါတယ်။ အဲဒီနောက်နှစ်ပေါင်းများစွာ ကြာအောင် သင်္ဘောကြီးရဲ့သတင်းဟာ အစအနပျောက်ပြီး ၁၉၈၁ ခုနှစ်ကျမှသာ ရေငုပ်အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုမျိုးတွေ့ရှိခဲ့ပေမယ့်လည်း နှစ်ပေါင်းရှည်ကြာပြီး အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ တရားရင်ဆိုင်မှုကို ပေါ်ပေါက်စေခဲ့ပါတယ်။ ၅ ခုနှစ်မှာတော့ ပညာရှင်အဖွဲ့တစ်ဖွဲ့က သင်္ဘောပျက်ကြီး တစ်ခုလုံးကိုရှာဖွေတွေ့ ရှိခဲ့ပြီး အဲဒီသင်္ဘောပျက်ကြီးကိုတော့ ကိုလံဘီယာတို့က သူတို့ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

သင်္ဘောပျက်ကြီးကို ဆယ်တင်ရေးလုပ်ငန်းတွေလုပ်ဆောင်စဉ်အတွင်း အဲဒီသင်္ဘောကြီးကိုရှာတွေ့တဲ့နေရာကို လျှို့ဝှက်ထားခဲ့ပါတယ်။ သင်္ဘောပေါ်ကရှာဖွေတွေ့ရှိတဲ့ ရတနာပစ္စည်းတွေရဲ့တန်ဖိုးက ဒီကနေ့ ငွေတန်ဖိုးနဲ့ တွက်ချက်ရင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ်ကနေ ရတနာ ပစ္စည်းထပ်မံရှာတွေ့နိုင်မှုအပေါ်မူတည်ပြီး သင်္ဘောပျက်ကြီး တစ်ခုလုံးရဲ့တန်ဖိုးက ဒေါ်လာ ၁၇ ဘီလီယံ အထိရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကေစရီယာရတနာသိုက်

၂၀၁၆ ခုနှစ်တုန်းက အပျော်တမ်းရေငုပ်သမားနှစ်ဦးဖြစ်တဲ့ ရန်ဖိန်စတိုင်းနဲ့ အိုဖာရာနန်းတို့က သင်္ဘောပျက် တစ်စင်းရှိနေတယ်လို့ယူဆရတဲ့ အစ္စရေးကမ်းရိုးတန်းတစ်လျှောက်ကို စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။

စစ်ဆေးမှုတွေအပြီးမှာ ရွှေဒင်္ဂါးအပြား ၂၀၀၀ နီးပါးအပြင် ရုပ်တုအမျိုးမျိုးနဲ့ တခြားပစ္စည်းအများအပြားကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီအချိန်မှာ သူတို့က တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးနောက် သင်္ဘောပျက်ကြီး တစ်ခုလုံးကိုဆယ်တင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခွင့်ရသွားပါတယ်။

ပညာရှင်တွေရဲ့သုံးသပ်ချက်အရတော့ အဲဒီသင်္ဘောကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀၀ ကျော်ကနစ်မြုပ်ခဲ့တဲ့ ကုန်တင်သင်္ဘောဖြစ်နိုင်တယ်လို့သိရပါတယ်။ အခုလိုမျိုးရှာတွေ့မှုဟာ အစ္စရေးနယ်မြေအတွင်းမှာ ရောမ ခေတ်ရတနာသိုက်ကို ရှားရှားပါးပါးရှာဖွေတွေ့ရှိမှုအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ ဒီသင်္ဘောပျက်ကြီး တစ်ခုလုံးမှာပါဝင်တဲ့ အဖိုးတန်ပစ္စည်းတွေရဲ့ တန်ဖိုးကိုတော့ တွက်ချက်နေတုန်းပဲဖြစ်ပြီး ယခင်ပင်လယ် ရေအောက်ကနေတွေ့ရှိဖူးတဲ့ ရတနာပစ္စည်းတွေရဲ့ တန်ဖိုးထက်များစွာသာ လွန်နေနိုင်ဖွယ်ရှိတဲ့အတွက် လက်ရှိအချိန်မှာ အဲဒီသင်္ဘောပျက်ကြီးကို အဖိုးအနဂ္ဃထိုက်တန်တဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။

 ကမ္ဘာ့ပထမဆုံးရေကြောင်းတိုက်ပွဲ

ပျူးနစ်စစ်ပွဲများဆိုတာကတော့ ပင်လယ်ရေကြောင်းတိုက်ပွဲတွေရဲ့ အစောဆုံးတိုက်ပွဲအဖြစ်သတ်မှတ်ခံထားရ ပါတယ်။ ဘီစီ ၂၄၁ ခုနှစ် မတ် ၁၀ ရက်မှာ ရောမတပ်ဖွဲ့တွေဟာ ဂရိနဲ့ခါးသေ့(ချ်)တပ်ဖွဲ့တို့နဲ့တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲကိုတော့ အီဂါဒီကျွန်းတိုက်ပွဲလို့ခေါ်ပါတယ်။

အီဂါဒီကျွန်းတိုက်ပွဲဟာ ကမ္ဘာ့ပထမဆုံး လက်နက်အပြည့်အစုံနဲ့ တိုက်ခိုက်တဲ့ ပင်လယ်ရေကြောင်း တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ ရောမတွေကအနိုင်ရပြီး ဆစ္စလီဒေသကို သူတို့ရဲ့လက်အောက်မှာ ရာစုနှစ် ပေါင်းများစွာကြာအောင် ထားရှိနိုင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ အီဂါဒီကျွန်းတိုက်ပွဲဖြစ်ပွားရာနေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲမှာပါဝင်တဲ့ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ သင်္ဘောအပျက်အစီး အပိုင်းအစတွေ အမြောက်အမြားကိုတွေ့ရှိခဲ့ပါတယ်။ သူတို့တွေ့ ရှိတဲ့အရာတွေထဲမှာ ရွှေတွေ၊ ဒင်္ဂါးပြားတွေနဲ့ တခြားတန်ဖိုးကြီးအရာတွေပါဝင်ပြီး အဲဒီအရာတွေရဲ့တန်ဖိုးက သမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဖူးပါဘူး။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ပထမဆုံး ပင်လယ်ရေကြောင်း တိုက်ပွဲဆိုတဲ့အတိုင်း သူ့ရဲ့တန်ဖိုးဟာ အဖိုးအနဂ္ဃထိုက်တန်နေလို့ပဲဖြစ်ပါတယ်။

နွေဦး