သမ္မတဒူတာတေက မနီလာမြို့အနီး ဝန်းကျင်၌ တင်းကျပ်သော လော့ဒေါင်းချမှုကို အချိန်တိုးမြှင့် သတ်မှတ်

မနီလာ၊ ကျန်းမာရေး

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေသည် မနီလာမြို့နှင့် အနီးဝန်းကျင် ပြည်နယ်များ၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်သည့် အနေဖြင့် တင်းကျပ်သော လော့ဒေါင်းချမှုကို အချိန်ကာလ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဧပြီ ၃ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်   သေဆုံးမှုဒုတိယ အများဆုံး ဖြစ်ပွားသည့် ဖိလစ်ပိုင်နိုင်ငံသည်  ဧပြီ ၃ ရက်တွင် ရောဂါကူးစက်ခံရသူ ၁၂၅၇၆ ဦး ထပ်တိုးလာသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ သမ္မတ၏ ကန့်သတ်ချက်များတွင် အရေးမကြီးသည့် သွားလာလှုပ်ရှားမှု များကို တားမြစ်ထားသည်။

ထို့ပြင် လူစုဝေးခြင်း၊ စားသောက်ဆိုင်များတွင် ထိုင်၍ စားသောက်ခြင်းများကို နောက်ထပ် သီတင်းပတ် တစ်ပတ်အထိ ကန့်သတ်ထားရှိ သွားမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က ရုပ်မြင်သံကြား အစီအစဉ်တွင် ပြောသည်။

ထိုကာလအတွင်း ရောဂါစစ်ဆေးခြင်း၊ ကွာရန်တင်း ဝင်စေခြင်း၊ နောက်ကြောင်း ဇာစ်မြစ် လိုက်ခြင်းနှင့် ပြန်လည် ကျန်းမာလာအောင် ပြုစုပေးခြင်းတို့ဖြင့် ရောဂါကာကွယ် တားဆီးရေးကို အရှိန်မြှင့် လုပ်ဆောင်သွား မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ  ၁၆၅၇၁၅  ဦးရှိကြောင်းနှင့် ၎င်းတို့အနက် ၉၆ ရာခိုင်နှုန်းသည် ရောဂါ လက္ခဏာ ပြင်းထန်မှုမရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။