သာသနာနှင့်တပ်မတော်တည်တံ့ရှည်ကြာပါစေ

ရှေးစာဆိုတို့သည် တပေါင်းလသာယာပုံကို အထူးတလည်ဖွဲ့ဆိုကြသည်။ ပရိတ်ကြီးဆယ့်တစ်သုတ်၌ ပါဝင်သော ရတနသုတ်တွင် နွေဦးအစ(တပေါင်းလ)၌ အပင်တိုင်း ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် အသရေရှိလှဘိသကဲ့သို့ဟူ၍ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏သာယာပုံကို အလေး အနက်ဖော်ညွှန်းလျက်ရှိသည်။ ထို့ပြင် တပေါင်းလသည် ရာသီဥတုသာယာကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကို လျှောက်ထား သည့်ဂါထာများတွင် နွေဦးသာယာပုံများကိုသရုပ်ဖော်ထားပါသည်။ ထိုဂါထာများကို မြန်မာမှုပြုကာ ပြန်လည် ရေးဖွဲ့သော အင်းဝခေတ်စာဆိုရှင် ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏ သာယာပုံအဖွဲ့ ကောင်းများစွာပါဝင်သည်။ ထိုသဘောများနှင့်အညီ မြန်မာစာဆိုတို့သည် တပေါင်းလကို လတကာတို့ထက် သာလွန်သော ပြိုင်ဘက်ကင်းသော နောင်တော်လအဖြစ်ရှုမြင်ကာ တပေါင်းသာခေါင် လများနောင်ဟု ဖွဲ့ဆိုခဲ့ကြသည်။

ဖွဲ့လည်းဖွဲ့လောက်ပါသည်။ သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွဲ့မြိုင်ခြေ၊ မြူခိုးဝေခဲ့ ဟူသော တောလားအဖွဲ့မှ ပန်းချီကွက်ကလေး၏ အလှ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ချွေသည်၊ တောင်လေပြည်မုန်တိုင်းနှင့်၊ ရေလှိုင်းသံတိုးဟူသော မယ်ခွေ၏ အဲချင်းအဖွဲ့မှ အမြင်အာရုံရော အသံအာရုံရောပါထင်ဟပ်နေသည့် သရုပ်ဖော်ကွက်ကလေး၏အလှ၊ ပရိန်းငယ်မြလျှံ၊ ဝါရွှေငယ်ကျံသည်၊ လေပြန်လောင်းသုတ်၊ ရွက်ညောင်းငယ်ပြုတ်လို့၊ ကျေးနှုတ်ကယ်သစ် ဆင်၊ ပရစ်ပုံမြင်သောခါဟူသော ဖိုးသူတော်ဦးမင်း၏ လေးချိုးအဖွဲ့မှ ရွက်သစ်ပြောင်း၊ ရွက်ဟောင်းကြွေ ပုံသရုပ်ဖော်ကွက်လေး၏ အလှတို့ကို နမူနာကြည့်ရုံနှင့် တပေါင်းလ၏အလှကွက်များကို မြင်ယောင်မှန်းဆ နိုင်ပေသည်။

တပေါင်းလ၏သာယာပုံကား စာဖွဲ့လို့ကုန်နိုင်ဖွယ်ရှိမည်မဟုတ်ပါ။ တပေါင်းလသည် မြန်မာတို့အတွက် အကျိုးပြုသော လဟုဆိုလျှင် မှားမည်မဟုတ်ပါ။ မြန်မာ့သမိုင်းကြောင်းအရ အကျိုးပြုသောလဖြစ်သကဲ့သို့ ဘာသာရေးအရ အကျိုးပြုသောလဖြစ်ခဲ့သည်။ သမိုင်းကြောင်းအရ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ဖက်ဆစ်ဂျပန်ကိုပြန်လည်တော်လှန်ခဲ့သည့်လမှာ တပေါင်းလဖြစ်သည်။ ဘာသာရေးအရလည်း တပေါင်း လပြည့်နေ့တွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားပွဲတော်များကျင်းပသည်။ ထို့ပြင် ထိုလပြည့်နေ့တွင် နှစ်စဉ် နှစ်တိုင်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပလေ့ရှိသည်။ သို့သော် ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာတို့၏ ဘာသာရေးဆိုင်ရာပွဲသဘင်များ ရပ်ဆိုင်းထားရသည်။ ယခုနှစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် ဘုရားပုထိုးစေတီများ၊ ဘာသာရေး ဆိုင်ရာပွဲ သဘင်များ ကို(ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးနည်းများနှင့်အညီ) ဖူးမြော်ခွင့်၊ ကျင်းပခွင့်ပြုခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးနှင့်  သတ္တမအစည်းအဝေးများကို ၁၃၈၂ ခုနှစ် တပေါင်းလဆန်း ၆ ရက် (၂၀၂၁ ခုနှစ်မတ်လ ၁၈ ရက်နေ့)တွင် ရန်ကုန်မြို့၌ကျင်းပပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်က သာရဏီယသြဝါဒကထာမိန့်တော်မူပါသည်။

သာသနာတော်အရှည်တည်တံ့ရေးကို လိုလားကြကုန်သော ရဟန်းတော်အရှင်သူမြတ်အပေါင်းနှင့်တကွ နိုင်ငံတော် အစိုးရအမှူးပြုသော ဥပါသကာ၊ ဥပါသိကာမအပေါင်းတို့သည် ဘုရား၊ တရား၊ သံဃာနှင့် မိမိတို့ ဆိုင်ရာကျင့်ဝတ်သိက္ခာ သမာဓိတရားတို့ကို ရိုသေလေးစားကာ မန္တလေးသကျသီဟအသင်းကြီး မတည် ထောင်မီနှိုးဆော်ခဲ့သော “ကမ္မဿကာ၊ လူဗိုလ်ပါတို့၊ ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု၊ မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို၊ တုံးတုံးကြီးချ၊ ရှိချေကမူ၊ ဗုဒ္ဓသာသနာကွယ်ပျောက်ရာ၏” ဟူသော နှိုးဆော်သံကိုအာရုံပြု၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အလေးထားတော်မူသင့်ပါကြောင်း မိန့်ကြားတော်မူသည်ကို ကြည်ညို မြတ်နိုးမိပါသည်။ အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူအပေါင်းတို့အတွက် မရှိမဖြစ် သောအရာနှစ်ခုမှာ ဗုဒ္ဓဘာသာသာသနာတော်နှင့် မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ တပ်မတော်ရှိနေမှ သာသနာတည်တံ့ခိုင်မာမည်။ သာသနာတော်နှင့် တပ်မတော်သည် ခွဲခြား၍မရနိုင်ပါ။ ထို့ကြောင့် သာသနာ တော်နှင့်တပ်မတော် အဓွန့်ရှည်တည်တံ့ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။