သီရိလင်္ကာ၌ ရေကြီးမှုနှင့် မြေပြိုမှုကြောင့် သေဆုံးသူ ၁၄ ဦးထိမြင့်တက်

ကိုလံဘို၊ သဘာဝဘေး

သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုနှင့်မြေပြိုမှုဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၄ ဦး အထိ မြင့်တက်ကာ နှစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇွန် ၆ ရက်တွင်ပြောသည်။ ကိုလံဘိုမြို့နှင့် ဆင်ခြေဖုံးဒေသများ အပါအဝင် ခရိုင် ၁၀ ခု၌ ဇွန် ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ပြီး  နေအိမ်များ၊ လယ်ကွင်းများနှင့် လမ်းများ  ရေလွှမ်းမိုး ခံရသည်။

ယခုဖြစ်ပွားသော သဘာဝဘေးကြောင့် သေဆုံးသူများအနက် ၁၀ ဦးသည် ရေကြီးမှုကြောင့်ဖြစ်ပြီး ကျန်လေးဦးသည် မြေပြိုမှုကြောင့် ဖြစ်ကြောင်း  အစိုးရ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနချုပ်က ပြောသည်။ မြေပြိုခြင်းကြောင့် သေဆုံးသူ လေးဦးသည်  မိသားစုတစ်စုတည်းမှဖြစ်ပြီး ကိုလံဘိုမြို့ အရှေ့ဘက် ၈၅ ကီလိုမီတာအကွာရှိ ကီဂယ်လီခရိုင်၌ နေအိမ်ပေါ်သို့ တောင်ပူစာ တစ်လုံးပြိုကျရာမှ တစ်မိသားစုလုံးသေဆုံးရခြင်းဖြစ်သည်။

သီရိလင်္ကာရေတပ်က ၎င်းတို့အနေဖြင့် ရေကြီးမှုဖြစ်ပွားသည့်နေရာများသို့  အဖွဲ့ ၃၃ ဖွဲ့ စေလွှတ်ထားကြောင်းနှင့် ယခုအချိန်အထိ  လူ ၆၆ ဦးကို ကယ်ဆယ်ထားနိုင်ကြောင်းပြောသည်။ သီရိလင်္ကာနိုင်ငံ၌  ယခုဖြစ်ပွားသော သဘာဝဘေးကို လူပေါင်း ၂၄၅၀၀၀ ခန့် ခံစားရကြောင်းနှင့် လူပေါင်း ၄၃၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရပြီးလူနေအိမ် ၈၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။                      

 Ref: CNA