သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိကြသူများ၏ ဂုဏ်ပြုပြောကြားစကားသံများ

 

နေပြည်တော် ဇန်နဝါရီ ၄

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့များဖြစ်သည့် သီဟသူရဘွဲ့နှင့် သူရဘွဲ့ ရရှိခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ဂုဏ်ပြုစကားသံများကို ဖော်ပြလိုက်ရပါသည်-

သီဟသူရဘွဲ့ရ ဒုတိယဗိုလ်မှူးကြီး အေးမင်းအောင်

ကျွန်တော်ရရှိခဲ့တဲ့  ဘွဲ့တံဆိပ်အမျိုးအစားကတော့ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်တဲ့ သီဟသူရဘွဲ့ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော့်အနေနဲ့ လက်အောက်က အရာရှိ၊ စစ်သည်များကို စနစ်တကျ ကြပ်မတ်ကွပ်ကဲပြီးတော့ ကိုယ်တိုင်အပင်ပန်းအဆင်းရဲခံပြီး ရန်သူတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူတွေက သာလွန်အင်အားနဲ့  ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။  အကြီးအကဲတွေရဲ့  ညွှန်ကြားမှု၊ အားပေးကူညီမှု၊ တပ်ရင်းရဲ့ စည်းလုံးညီညွတ်မှု၊  အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့ ရန်သူကို စွန့်လွှတ်စွန့်စား ရင်ဆိုင်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ဆင်ရေး ဆောင်ရွက်နေတယ်ဆိုတာက ပြည်ထောင်စုကို ကာကွယ်တာပဲဖြစ်ပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့သူ၊ ပြည်ထောင်စုပြိုကွဲရေးကို ထိပါးတဲ့သူ ဘယ်သူမဆို ကျွန်တော်တို့ရန်သူပါပဲ။  ကျွန်တော့်အနေနဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိဖို့ လုပ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ဟာ တပ်မတော်သား တစ်ယောက်ဖြစ်လို့  နိုင်ငံတော်ကို  ကာကွယ်တဲ့ တပ်မတော်သားတွေဖြစ်လို့ နိုင်ငံတော်ကာကွယ် ရေးကိုထိပါးလာတဲ့အတွက် အခုလိုအခြေအနေမျိုးကြုံလာတဲ့အခါ မိမိတတ်စွမ်းသလောက်   အသက်စွန့်ပြီး ကာကွယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ပွဲဝင်ခဲ့တဲ့အပေါ် နိုင်ငံတော်နဲ့ တပ်မတော်ကပြန်ပြီး အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

သူရဘွဲ့ရ ဗိုလ်မှူးရန်နိုင်ဦး

ကျွန်တော်က တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်တဲ့  သူရဘွဲ့ရရှိခဲ့ပါတယ်။ အခုလို တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ကို ရရှိခဲ့တာကတော့ ကျွန်တော်တို့ဟာ တပ်မတော်သားတွေဖြစ်တဲ့အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက် လာတဲ့ရန်သူကို  တွန်းလှန်ချေမှုန်း ရာမှာ မိမိအသက်ကိုပဓာနမထားဘဲ ရက်ပေါင်းများစွာ မိမိလက်အောက်က အရာရှိ၊ စစ်သည်များနှင့် အတူ စနစ်တကျကွပ်ကဲကြပ်မတ်ပြီး ရန်သူကိုတွန်းလှန်နိုင်ခဲ့လို့ အခုလိုနိုင်ငံတော်မှ  သူရဘွဲ့ ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ နိုင်ငံတော်နဲ့တပ်မတော်အတွက် မမေ့အပ်တဲ့  လွတ်လပ်ရေးနေ့လို နေ့ထူးနေ့မြတ်မှာ အသိအမှတ်ပြု ချီးမြှင့်ခြင်းခံရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလို သူရဘွဲ့ရရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။  ကျွန်တော့်အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်    တိုင်းပြည်အတွက်၊  လူမျိုးအတွက်၊  တပ်မတော် အတွက် ပေးအပ်တဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်၊ ရဲဘက်များအားလုံးအတွက်လည်း   ဂုဏ်ယူကြောင်းပြောလိုပါတယ်။

သူရဘွဲ့ရ ဗိုလ်ကြီးဇော်ဦးလွင်

ကျွန်တော်က တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့တစ်ခုဖြစ်တဲ့ သူရဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။  ကျွန်တော့်ကို နိုင်ငံတော်နဲ့ တပ်မတော်က အခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာဘွဲ့ကို အခမ်းအနားနဲ့ ချီးမြှင့်ပေးတဲ့အတွက်   အထူးဝမ်းသာပါတယ်။  သူရဘွဲ့ချီးမြှင့်ခြင်းခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင် နေတဲ့ကာလတစ်လျှောက်    တိုင်းပြည်အတွက်၊  လူမျိုးအတွက်၊  တပ်မတော်အတွက် ပေးအပ်တဲ့အမိန့်နဲ့တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစား ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်၊  ရဲဘက်များအားလုံးအတွက်လည်း ဂုဏ်ယူကြောင်း ပြောလိုပါတယ်။

သူရဘွဲ့ရ ဒုတိယအရာခံဗိုလ်ထွန်းဝေ(ကျဆုံး)၏ဇနီး ဒေါ်အသန်း

ကျွန်မရဲ့ခင်ပွန်းက သူရဘွဲ့ရခဲ့တာပါ။ ကျွန်မအမျိုးသားက နိုင်ငံတော်ကိုကာကွယ်ရင်း တိုင်းပြည် အတွက် အသက်ပေးသွားခဲ့ပါတယ်။ အဲဒီလိုတိုက်ပွဲမှာ အသက်ပေးပြီး တိုက်ခိုက်သွားတဲ့ အမျိုးသား အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလို တိုင်းပြည်အတွက် အသက်စွန့်ပြီး တိုက်ခိုက်ခဲ့သူရဲ့ ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ တပ်မတော်သားတွေ အားလုံးကိုလည်း ချစ်ခင်လေးစားပါတယ်။ ကျွန်မရဲ့ခင်ပွန်းသည်လိုပါပဲ နိုင်ငံတော်ကို အသက်ပေးပြီး ကာကွယ်သွားကြတဲ့ တပ်မတော်သားတွေကိုလည်း သူရဲကောင်းတွေအဖြစ် အမြဲဂုဏ်ယူနေမှာပါ။

လင်းကြည်လင်း