သံတွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

သံတွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၇

          ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဇူလိုင် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရခိုင်ရိုးမပေါ်မှ တောင်ကျရေများ ကျဆင်းလာမှုကြောင့် သံတွဲချောင်းရေသည် ၇၀၅ စင်တီမီတာအထိ မြင့်တက်ခဲ့ရာ စိုးရိမ်ရေအမှတ်ထက် ၅၅ စင်တီမီတာ ကျော်လွန်ခဲ့သဖြင့် အဆိုပါမြို့ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၇) ရပ်ကွက်နှင့် အံတော်ကျေးရွာများတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာနေရာ များသို့ ရွှေ့ပြောင်းနေထိုင်နိုင်ရေး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။

          ထို့အပြင် သံတွဲမြို့ရှိ အောက်ဆီဂျင်စက်ရုံနှင့် ပြည်သူ့ဆေးရုံများတွင် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အောက်ဆီဂျင် အိုးများအား ကူညီသယ်ဆောင်ပေးခြင်း၊ သံတွဲ- ငပလီသွားကားလမ်းနေရာတွင် မြေပြို ကျမှုများအား ရှင်းလင်းဖယ်ရှားခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။