သံတွဲမြို့ရှိ ရေဘေးသင့်ပြည်သူများအားလူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ် 

သံတွဲမြို့ရှိ ရေဘေးသင့်ပြည်သူများအားလူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ် 

နေပြည်တော်၊ ဇူလိုင် - ၂၉
    
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် သံတွဲမြို့အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများနှင့် ကားလမ်း ဝဲ/ယာ နှင့် သံတွဲခရိုင်ပြည်သူ့ဆေးရုံးကြီးတို့တွင် ရေကြီးမှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံတွဲမြို့၊ သာသနာ့ဗိမာန်၌ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး ရေဘေးသင့်ပြည်သူများအား နှုတ်ဆက်အားပေးစကားများပြောကြားပြီး ရေဘေးသင့် ပြည်သူ အိမ်ထောင်စု ၇၅၂ စုတို့အတွက် စောင်၊ ခြင်ထောင်၊ ဆပ်ပြာ၊ Mask ဘူးများ၊ စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ရေနစ်မြှုပ်ခဲ့မှုကြောင့် မျှောပါသွားခဲ့သည့် အိမ်ခြေ ၂၂ လုံးနှင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၂၄ လုံးတို့အတွက် ထောက်ပံ့ ငွေကျပ်သိန်း ၂၃၀ အားလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။