သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ Liquid အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ ကျင်းပပြုလုပ်

သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ Liquid အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ Liquid အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံနေရာ၌ ပြုလုပ်ရာ သံဖြူဇရပ်မြို့၊ မြို့လယ် ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇောတိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စက်ရုံတည်ဆောက်ရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးအောင်သန်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် Liquid အောက်ဆီဂျင်စက်ရုံအား သံဃာတော်များ၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံကဗ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက်ဆီ ဂျင်စက်ရုံအတွင်း Liquid အောက်ဆီဂျင်ထုတ်လုပ်နေမှုအခြေအနေများအား လှည့် လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
အဆိုပါစက်ရုံအား ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းမှ ရဟန်းရှင်၊ လူ၊ ပြည်သူ များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၄၇၀၀ ကျပ်ဖြင့် ဇူလိုင် ၁၅ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရက်လျင် အောက်ဆီဂျင် ၄၀ လီတာ စလင်ဒါအိုး ၁၂၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။