သြစတြေးလျက အခိုးခံထားရသည့် အိန္ဒိယရှေးဟောင်းပစ္စည်းများကိုပြန်ပေးမည်

သြစတြေးလျက အခိုးခံထားရသည့် အိန္ဒိယရှေးဟောင်းပစ္စည်းများကိုပြန်ပေးမည်

ဆစ်ဒနီ၊ သံတမန်ရေး

သြစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံမှ ခိုးယူခံရသော သို့မဟုတ် တရားမဝင် တင်ပို့လာသော   ရှေးဟောင်းပန်းပုရုပ် ခြောက်ခုအပါအဝင် တန်ဖိုးကြီးရှေးဟောင်း အနုပညာပစ္စည်း ၁၄ ခုကို အိန္ဒိယနိုင်ငံ သို့ပြန်ပေးမည်ဖြစ်ကြောင်း   အမျိုးသား အနုပညာပြတိုက်က ဇူလိုင် ၂၉ ရက်တွင် ကြေညာသည်။

အဆိုပါအနုပညာလက်ရာများတွင် ပန်းပုရုပ်များ၊ ဓာတ်ပုံများနှင့် စာခွေတစ်ခု တို့ပါဝင်ပြီး ထိုပစ္စည်းများသည် ခိုးယူခံရခြင်း သို့မဟုတ် လုယူခံရခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံပိုင် ပစ္စည်းများဖြစ်ကြောင်း  အနုပညာပြတိုက်၏  ကြေညာချက်တွင် ဖော်ပြထားသည်။

ခိုးရာပါအနုပညာပစ္စည်းများတွင် ၁၂ ရာစုနှောင်းပိုင်းမှ   ရှေးဟောင်းပစ္စည်း များလည်း ပါဝင်ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့်ရှိသော    ဘာသာရေးနှင့် ယဉ်ကျေးမှု ပစ္စည်းများဖြစ်ကာ အိန္ဒိယနိုင်ငံသို့ လပိုင်းအတွင်း   ပြန်ပေးသွားမည် ဖြစ်ကြောင်း    ပြတိုက်ညွှန်ကြားရေးမှူး နစ်မစ်ဇီဗစ်က ပြောသည်။

ခိုးယူခံရသည့်ရှေးဟောင်းပစ္စည်း ၁၄ ခု အနက် ၁၃ ခုသည် ယခင်က အမေရိကန် နိုင်ငံ မန်ဟက်တန်စီရင်စုမှ အနုပညာပစ္စည်း ရောင်းဝယ်ရေးသမားနှင့် လက်ရှိတွင်   မှောင်ခိုကူးမှုဖြင့် စွပ်စွဲခံနေရသည့် ဆူဘာကပူးနှင့်ဆက်စပ်နေသည်။

လက်ရှိတွင် ဆူဘာကပူးသည် အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူများ၏ စစ်ဆင်ရေးတစ်ရပ်ဖြင့် လိုက်လံဖမ်းဆီးခြင်း ကိုခံထားရပြီး တရားရင်ဆိုင်ရန်စောင့်ဆိုင်း နေရသော်လည်း ၎င်းအပေါ်စွပ်စွဲချက်များ အားလုံးကိုငြင်းဆိုထားသည်။

ဆူဘာကပူး၏ လက်အတွင်းမှပြန်လည်ရရှိသည့်   ရှေးဟောင်းပစ္စည်းများသည် များသော အားဖြင့် ၁၁ ရာစုနှင့် ၁၂ ရာစုတို့ မှ လက်ရာများဖြစ်သည်။ သြစတြေးလျ  အမျိုးသားအနုပညာ ပြတိုက်သည် ဆူဘာကပူးထံမှရရှိသည့်  ရှေးဟောင်းအနုပညာ ပစ္စည်းများစွာကို  အိန္ဒိယနိုင်ငံသို့  ပြန်လည်ပေးအပ်ပြီးဖြစ်သည်။

ထိုအထဲတွင် အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိ ဟိန္ဒူနတ်ဘုရား သျှီဝကြေးရုပ်တု တစ်ခုလည်းပါဝင်ပြီး အဆိုပါရုပ်တုမှာ တမီးနာဒူရှိဘုရားကျောင်းမှ ခိုးယူခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ခိုးယူခံရသော အနုပညာပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပေးနိုင်ခြင်းသည် သြစတြေးလျနိုင်ငံ၏သမိုင်းကြောင်း ကိုလှပစေမည်ဖြစ်ကြောင်း နစ်မစ်ဇီဗစ်က ပြောသည်ဟု သိရသည်။

Ref: TST