သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ချမှတ်ထားသည့်လော့ဒေါင်း သက်တမ်းထပ်တိုး

ဆစ်ဒနီ၊ ကျန်းမာရေး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများမြင့်တက်လာသည့်အတွက်  ချမှတ်ထားသည့် လော့ဒေါင်းကို နောက်ထပ်သီတင်းပတ်နှစ်ပတ်သက်တမ်းတိုးကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၄ ရက်တွင်ထုတ်ပြန်သည်။

ဆစ်ဒနီမြို့ကို လော့ဒေါင်းချထားသည်မှာ သီတင်းပတ်သုံးပတ်ရှိနေပြီဖြစ်သော်လည်း အပြည့်အဝလော့ဒေါင်းချမှုမျိုးမဟုတ်ဘဲ တစ်စိတ် တစ်ပိုင်းလော့ဒေါင်းချထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆစ်ဒနီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၉၇ ဦးရှိရာ ပြီးခဲ့သည့်ရက်ထက် ရှစ်ဦးပိုများလာခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသည် အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သော်လည်း ကာကွယ်ဆေး ထိုးပေးနိုင်မှုနည်းပါးခြင်းကြောင့် နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ယခုချမှတ်ထားသည့်လော့ဒေါင်းအရ ဆစ်ဒနီမြို့နေပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လေ့ကျင့်ခန်းလုပ်ခြင်း၊ မဖြစ်မနေလို အပ်သည့် ဈေးဝယ်ထွက်ခြင်း၊ အလုပ်သွားခြင်းနှင့် ဆေးခန်းပြခြင်းတို့ကို လုပ်ဆောင်နိုင်သော်လည်း စာသင်ကျောင်းများ ကိုပိတ်ထားရကာ   အများစုအနေဖြင့် နေအိမ်၌သာနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

Ref: TST