ဟေတီနိုင်ငံအနောက်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားရ

ပေါ်တိုပရင့်၊ သဘာဝဘေး

ဟေတီနိုင်ငံအနောက်ပိုင်း၌ သြဂုတ် ၁၄ ရက်တွင် ၇ ဒသမ ၂ ရစ်ချတာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ရာ အဆောက်အအုံများစွာ ပြိုကျပြီး ဆူနာမီလှိုင်းရိုက်ခတ်နိုင်သည့်   သတိပေးချက်ထုတ်ပြန်ထားရကြောင်း သိရသည်။

အဆိုပါငလျင်သည် ပေါ်တိုပရင့်မြို့၏အနောက်ဘက်ကီလိုမီတာ ၁၅၀ အကွာရှိ ပီတစ်ထရိုဒီနစ်မြို့မှ ၈ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခြင်းဖြစ်ကြောင်း   အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က  ထုတ်ပြန်ထားသည်။

ထို့ပြင် ငလျင်လှုပ်ပြီးနောက် ဟေတီ ကမ်းရိုးတန်းတစ်လျှောက်တွင် အမြင့် ၃ မီတာ (၉ ပေ)အထိရှိသည့် ဆူနာမီလှိုင်းလုံး များဖြစ်ပေါ်ရိုက်ခတ်နိုင်ကြောင်း အမေရိကန်ဆူနာမီလှိုင်း သတိပေးစနစ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ငလျင်လှုပ်မှုကြောင့် ဟေတီနိုင်ငံအနောက်တောင်ပိုင်း ကျွန်းဆွယ်ရှိကျောင်းများနှင့် လူနေအဆောက်အအုံများ ပြိုကျ ပျက်စီးမှု များရှိကြောင်း ဒေသခံများက ပြောသည်။

ဟေတီနိုင်ငံသည် လွန်ခဲ့သည့် ၁၁ နှစ်ကဖြစ်ပွားသော ငလျင်လှုပ်မှုကြောင့် လူနှစ်သိန်းခွဲသေဆုံးရသည့်ဖြစ်ရပ်ဆိုးမှ နိုးထရန်ကြိုးပမ်း နေစဉ်မှာပင် နောက်ထပ် အင်အားပြင်း ငလျင်လှုပ်မှုနှင့်  ကြုံတွေ့ရခြင်း ဖြစ်သည်။

ယခုဖြစ်ပွားသည့် ငလျင်လှုပ်မှုတွင် သေဆုံးသူအရေအတွက်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက်ကို လတ်တလော မထုတ်ပြန် နိုင်သေးကြောင်း သိရသည်။

Ref: TST