ဟေတီ၌ငလျင်လှုပ်မှု သေဆုံးသူ ၁၂၉၇ ဦးအထိမြင့်တက်

ပေါ်တိုပရင့်၊ သဘာဝဘေး

ဟေတီနိုင်ငံ၌ ၇ ဒသမ ၂ ရစ်ချတာ စကေးရှိ ငလျင်တစ်ခုလှုပ်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် သေဆုံးသူအရေအတွက်သည် ၁၂၉၇ ဦးအထိမြင့်တက်လာကြောင်း နှင့် အနည်းဆုံးလူ ၅၇၀၀ ကျော်ဒဏ်ရာရကြောင်း သိရသည်။ သြဂုတ် ၁၄ ရက်တွင်ဖြစ်ပွားသော ထိုငလျင်လှုပ်မှုကြောင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးသည့်အပြင် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ငလျင်လှုပ်မှုသည် နိုင်ငံ၏အနောက် တောင်ပိုင်း၌ဖြစ်ပွားခြင်းဖြစ်ပြီး အချို့ မြို့ငယ်များလုံးဝပျက်စီးကာ မြေပြိုမှုများ လည်း ဖြစ်ပွားသည်။ ထိုငလျင်လှုပ်မှုသည် ဟေတီ၌ ဂရေ့အပူ ပိုင်းမုန်တိုင်း မတိုက်ခတ်မီဖြစ်ပွားခြင်းဖြစ်သည်။ ထိုမုန်တိုင်းသည် ဟေတီသို့ သြဂုတ် ၁၆ ရက်ညပိုင်းတွင် ဝင်မည်ဟုခန့်မှန်းရ သည်။

ထိုမုန်တိုင်းကို လေဖိအားနည်းရပ်ဝန်း အဖြစ် အမေရိကန်အမျိုးသားဟာရီကိန်း စင်တာကအဆင့်လျှော့ချထားသော်လည်း မုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွား နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေးထားသည်။

အဆိုပါငလျင်သည် ပေါ်တိုပရင့်မြို့၏ အနောက်ဘက် ၁၂၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန် ထားသည်။ အင်အားပြင်းငလျင်လှုပ်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် နောက်ဆက်တွဲ ငလျင်ငယ်များစွာ  လှုပ်ခတ်ကြောင်း သိရသည်။       

Ref: Times of India