ဟောင်ကောင်ရှိ မုန်တိုင်းရှောင်ဆိပ်ကမ်း တစ်ခု၌ မီးလောင်မှုဖြစ် လှေ ၁၆ စင်း မီးထဲပါသွား

ဟောင်ကောင်ဒေသရှိ မုန်တိုင်းရှောင်ဆိပ်ကမ်းတစ်ခု၌   ဇွန် ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားရာ လှေ ၁၆ စင်း မီးထဲပါသွားပြီး ၁ဝ စင်း  နစ်မြုပ်သွားကြောင်း သိရသည်။

မီးလောင်မှုသည်    ဟောင်ကောင်ရှိ အဘာဒင်းဆောက်မုန်တိုင်းရှောင် ဆိပ်ကမ်း၌ နံနက် ၂ နာရီခွဲအချိန်တွင် စတင်ဖြစ်ပွားခြင်းဖြစ်သည်။မီးသတ်သမားများက ခြောက်နာရီကျော်ကြာ မီးငြှိမ်းသတ်ပြီးနောက်    မီးကိုထိန်းချုပ်လိုက်နိုင်သည်။

မီးသတ်သမားများသည် မီးလောင်ချိန်အတွင်း လှေများမှ လူပေါင်း ၃၅ ဦးကို ကယ်ဆယ်လိုက်နိုင်ကြောင်း    RTHK ရုပ်မြင်သံကြား သတင်းဌာနတစ်ခုက ထုတ်ပြန်ထားသည်။

အဆိုပါမီးလောင်မှုအတွင်း ဒဏ်ရာရရှိသူ စာရင်းကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း လူတစ်ဦးဆေးရုံ တက်ရောက်ကုသမှု ခံယူရကြောင်း ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရန် မီးသတ်လှေ ၁၁ စင်း၊ လေယာဉ်ရှစ်စင်းနှင့် ကယ်ဆယ်ရေး အဖွဲ့ လေးဖွဲ့ကို  အသုံးပြုခဲ့ကြောင်းနှင့်   မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးကြောင်း သိရသည်။

Ref: CNA