ဟောင်ကောင်၌ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၃၀၀၀ ကိုသုတ်သင်

ဟောင်ကောင်၊ စီးပွားရေး

ဟောင်ကောင်ဒေသ တာဝန်ရှိသူများသည် ဒေသတွင်းဝက်မွေးမြူရေးခြံတစ်ခြံ၌ အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားနေသည်ကိုတွေ့ရှိသဖြင့် ဝက်အကောင်ရေ ၃၀၀၀ ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရသည်။

ထို့ပြင်တာဝန်ရှိသူများသည် အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့နိုင်မှုနှင့် ပတ်သက်၍လည်း သတိပေးချက်ထုတ်ပြန်ထားသည်။ အာဖရိကဝက်အပြင်းဖျားရောဂါကို ပြီးခဲ့သည့်သီတင်းပတ်က ယွန်လောင် ရှိ မွေးမြူရေးခြံ၌ ပထမဆုံးအကြိမ်တွေ့ရှိခြင်း ဖြစ်ပြီး မွေးမြူရေးခြံများမှဝက်များ သယ်ယူပို့ဆောင်မှုကို ဆိုင်းငံ့ထားကြောင်း ဟောင်ကောင်စိုက်ပျိုးမွေးမြူရေး၊ ငါးလုပ်ငန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သုတ်သင်ခံရသည့်ဝက်များသည် မကြာမီ ထိုရောဂါဖြစ်ပွားလာနိုင်သည့်အတွက် သုတ်သင်လိုက်ရခြင်းဖြစ် ကြောင်းနှင့် ဝက်ပိုင်ရှင်များကို လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက  ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

ဟောင်ကောင်၌ မွေးမြူထားသည့် ဝက်အများစုသည် ၂၀၁၈ ခုနှစ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ပထမဆုံး အကြိမ်ဖြစ်ပွားသည့် တရုတ်ပြည်မကြီးမှ ဝယ်ယူမွေးမြူထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဝက်အကောင်ရေထက် ဝက်နီးပါးကို သုတ်သင်လျှော့ချခြင်းဖြင့် ကုသရန် ဆေးမရှိသည့်အာဖရိက ဝက်အပြင်း ဖျားရောဂါကို ဟန့်တားနိုင်ခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် ဒေသတွင်း မွေးမြူရေးခြံများ၌ စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေသည့်အပြင် ရောဂါကူးစက်မှု၏ ဇာစ်မြစ်ကို ရှာဖွေစုံစမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: TST