အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြချက်

အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြချက်

နေပြည်တော်  သြဂုတ် ၂၉

၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် ယင်းက အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏  အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး  ၎င်းတို့အား  ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။

၂။ အကြမ်းဖက်မှုများသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိပြီး   စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်စေကာ၊ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာ နိမ့်ကျစေသည်ဖြစ်၍ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန် အထူးလိုအပ်ပါသည်။

၃။ အကြမ်းဖက်မှုဆိုသည်မှာ မိမိကိုယ်တိုင်  အကြမ်းဖက် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတို့နှင့် စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ပါက အကြမ်းဖက်မှု ကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်-

(က)   အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ၊(ခ)အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏  အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုနိုင်စေရန်၊ လွတ်မြောက်စေရန်ထိမ်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထားခြင်း၊

(ဂ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကို အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန်၊ သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ၊

(ဃ)   အကြမ်းဖက်သမား၊  အကြမ်းဖက်အုပ်စု တစ်ခုခုအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ပြုလုပ်ရန် ညွှန်ကြားခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း။

၄။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရပါက အရေးယူခြင်း ခံရသူပိုင် ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်သိမ်းဆည်းခြင်း ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရပါမည်။

၅။ အကြမ်းဖက်မှုများတိုက်ဖျက်ရာတွင် သတင်းရရှိရေးသည် အလွန်အရေးကြီးပါသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့် စပ်လျဉ်း၍ သိရှိထားသည့် သတင်းများ၊ အကြမ်းဖက်မှုဖြစ်စေရန် အင်တာနက်၊ ဖေ့စ်ဘုတ်တို့တွင် လုပ်ကြံဖန်တီးထားသော သတင်းမှားများ ထုတ်လွှင့်နေသူများကို သက်ဆိုင်ရာရဲစခန်း၊ လုံခြုံရေး အဖွဲ့အစည်းများသို့ သတင်းပေးရန် လိုအပ်ပါသည်။ သတင်းပေးသည့် တာဝန်သိပြည်သူများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-

(က)   သတင်းပေးသူသည် မိမိ၏အမည်၊ နေရပ်တို့ကိုဖော်ပြခြင်း မပြုဘဲ သတင်းပေးနိုင်ပါသည်၊

(ခ)သတင်းပေးသူအား အထူးလျှို့ဝှက်ထားမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်း၊ သက်သေခံစေခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါ၊

(ဂ)    သတင်းပေးသူ၏လုံခြုံမှု၊ ၎င်းနှင့် ဆက်စပ်ပတ်သက်သူများ၏ လုံခြုံမှုတို့ကို တာဝန်ယူပေးမည်ဖြစ်ပါသည်၊

(ဃ) သတင်းမှန်ကန်မှုနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုအပေါ် မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီးသူတို့အား ငွေပမာဏ ကန့်သတ်မထားဘဲ ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၆။ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုဘဝလုံခြုံမှု အပြည့်အဝရရှိစေရန်နှင့် စိုးရိမ်ကြောက်လန့်မှုများမှ ကင်းဝေးစေရန် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များ မရှိစေရေး ဝိုင်းဝန်းဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့