အကြမ်းဖက်လုပ်ရပ်များ တိုက်ဖျက်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက်

အကြမ်းဖက်လုပ်ရပ်များ တိုက်ဖျက်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက်

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG၊ CRPH၊ PDF အဖွဲ့များနှင့် အစွန်းရောက် NLD ပါတီဝင်များသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဉပဒေအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထု ဆူပူအုံကြွ မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်စေရန် CDM လှုပ်ရှားမှုများအား ကြိုးကိုင်စီစဉ်ခြင်း၊ အုပ်ချုပ်မှုယန္တရားများ ရပ်ဆိုင်းစေရန် အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်စေခြင်း၊ “ ငါနဲ့မတူ - ငါ့ရန်သူ ” အယူအဆဖြင့် NLD ပါတီအား မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား အခကြေးငွေပေး၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်စေခြင်းနှင့် မကြာမီကျင်းပတော့မည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံနှင့် အချိန်ကိုက်၍ နိုင်ငံအနှံ့ တည်ငြိမ်မှုပျက်ပြားပြီး ပြည်တွင်းစစ် ဖြစ်သယောင် ပုံဖော်ရန် အချို့မြို့ရွာများတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။
အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို NUG အကြမ်းဖက်အဖွဲ့၏ စီစဉ်စေခိုင်း မှုများအရ “ ပြည်သူ့ကာကွယ်ရေးတပ် ” အမည်ခံ PDF အကြမ်းဖက်သမားများ၊ အစွန်းရောက် NLD ပါတီဝင်နှင့် ကြေးစားအဖျက်သမားများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ စက်တင်ဘာ ၉ ရက်ထိ အောက်ပါအတိုင်းလုပ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်-

(က) အများပြည်သူဆိုင်ရာနေရာများအား ဗုံးဖြင့်တိုက်ခိုက်မှု ၂,၃၉၀ ကြိမ်။

(ခ) အများပြည်သူဆိုင်ရာနေရာများအား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှု ၃၀၄ ကြိမ်။

(ဂ) အပြစ်မဲ့ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်သူ (သံဃာ ၆ ပါး အပါ) ၇၉၉ ဦး သေဆုံးပြီး ၇၂၆ ဦး ဒဏ်ရာရ။

(ဃ) အစိုးရဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၈၆ ကြိမ်။

(င) အများပြည်သူဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ ဈေးများအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၁ ကြိမ်။

(စ) အများပြည်သူဆိုင်ရာ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်။

(ဆ) ပညာရေးဆိုင်ရာအဆောက်အဦ(စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ပညာရေးမှူးရုံး) များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၄၀၆ ကြိမ်။

(ဇ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးသည့်နေရာများအား အကြမ်းဖက်တိုက်ခိုက်မှု ၂၁ ကြိမ်။

(ဈ) အများပြည်သူသုံး ဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၆၈ ကြိမ်။

အထက်ပါ အကြမ်းဖက်လုပ်ရပ်များတွင် စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်စခန်းနေရာများအား တိုက်ခိုက်မှုများ ပါဝင်ခြင်းမရှိဘဲ စစ်ဘက်နှင့်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာနေရာများ၊ အေးချမ်းစွာနေထိုင်လိုသည့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများအား အကြမ်းဖက်တိုက်ခိုက်မှုများ၊ NLD ပါတီကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ် မှုများကို နိုင်ငံတကာအသိုက်အဝန်းကလည်း လက်ခံနိုင်မည်မဟုတ်ကြောင်း စိစစ် တွေ့ရှိရပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်နေရာများကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခြင်းသည် ဇီဝအကြမ်းဖက်မှုမြောက်ပြီး လွန်စွာ လူမဆန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းသာဖြစ်ပါသည်။

NUG အကြမ်းဖက်အဖွဲ့က အထက်ပါအကြမ်းဖက်မှုလုပ်ရပ်များကို အရှိန်မြှင့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် အရေးပေါ် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်၊ အုပ်ချုပ်ရေးမှူးများ အလုပ်မှချက်ချင်းနုတ်ထွက်ရန်၊ ပြည်သူများအား မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်နှင့် ဝန်ထမ်းများ ရုံးမတက်ရန်” ဟူသော အချက်များဖြင့် ပြည်သူ လူထုအား အဓမ္မခြိမ်းခြောက်ထားသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်သည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို တုန့်ပြန်ရင်ဆိုင်နေရသော ပြည်သူလူထု၏ လူမှု စီးပွားဘဝများကို ပိုမိုဆိုးရွားစေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက် ပျက်ပြားစေသည့်အပြင် အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအတွက် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်လှုံ့ဆော်မှုများဖြစ်ကြောင်း တွေ့ရှိရပါ သည်။

အဆိုပါထုတ်ပြန်ချက်အပေါ် ပြည်တွင်းရှိနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ကြသည့်အပြင် နိုင်ငံတကာမှလည်း လက်မခံသည့်သဘောထား များဖြင့် ဝေဖန်ပြောကြားလျက်ရှိကြောင်း တွေ့ရှိရပါသည်။

မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ လက်မခံသည့် အကြမ်းဖက် ဝါဒနှင့် အကြမ်းဖက်သမားများအား နိုင်ငံတကာတွင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်သည့် အကြမ်းဖက် ဝါဒအား ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဝါဒ အမြစ်မတွယ်စေရေး အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကြမ်းဖက်မှုများကို တိုက်ဖျက်ရာ၌ အကြမ်းဖက် မှုကို မလိုလားသည့် ပြည်သူများက သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသလို မိမိတို့နိုင်ငံတွင်လည်း မိဘပြည်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိစေရေး သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်ပါသည်။