အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ အသက်မပြည့်သေးသော လူငယ်များအား ဝါဒမှိုင်းတိုက်၍ ခိုင်းစေမှုကြောင့် အကြမ်းဖက်ဖောက်ခွဲ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ အသက်မပြည့်သေးသော လူငယ်များအား ဝါဒမှိုင်းတိုက်၍ ခိုင်းစေမှုကြောင့် အကြမ်းဖက်ဖောက်ခွဲ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်တန့်ထားသော ယာဉ်အမှတ် BGO 6R/8847 ၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉) ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ် တို့ ၃ ဦး အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်အတွင်း အောင်အောင်ဦး (၂၁)နှစ်၊ ငြိမ်းချမ်းဖြိုး(ခ)ချမ်းဖြိုး(၂၁)နှစ်၊ အောင်ကိုထွေး(ခ)ဘာဘူ(၁၉)နှစ်၊ ခန့်သူရိန် (၁၆)နှစ်နှင့် ကြယ်စင်နှင်းဝေ (ခ) ကြယ်စင်(၁၄)နှစ် တို့အား လည်းကောင်း၊ အင်းစိန် မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အလယ်ဗဟိုလမ်း၊ အမှတ်(၃၉၃)တွင် ဝေယံဖြိုး (၁၇)နှစ် အားလည်းကောင်း ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်တွင် ဖမ်းဆီးရမိတရားခံ ဟိန်းထက်အောင်၊ ဝေယံဖြိုး၊ သန့်ဇင် ၊ ကြယ်စင်နှင်းဝေ၊ အောင်အောင်ဦးနှင့် ငြိမ်းချမ်းဖြိုး တို့၏ နေအိမ် များအား ရှာဖွေစစ်ဆေးခဲ့ရာ ယူနီဖောင်း ၅ စုံ၊ ဦးထုပ်၂ လုံး၊ စစ်ဖိနပ် ၃ ရံ၊ Vest ၄ ထည်၊ ဖိုက်ဘာဦးထုပ်၂ လုံး နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှုအနေဖြင့် ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ယူနီဖောင်း ၅ စုံ၊ ဦးထုပ်၂ လုံး၊ စစ်ဖိနပ် ၃ ရံ၊ Vest ၄ ထည်၊ ဖိုက်ဘာဦးထုပ်၂ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၁ ရက်တွင် အာကာ (ဖမ်းဆီးရန်ကျန်) ဆိုသူနှင့် ချိတ်ဆက်ကာ ဒလန်ရှင်းလင်းရေးနှင့် အကြမ်းဖက် ဖောက်ခွဲခြင်းများပြုလုပ်ရန် Freedom Fighters Force-Mayangone အဖွဲ့ အား ဟိန်းထက်အောင် (အဖွဲ့ခေါင်းဆောင်)၊ အောင်အောင်ဦး (F-1)၊အောင်ကိုဦး (F-2)၊ ငြိမ်းချမ်းဖြိုး (F-3)၊ သန့်ဇင် (F-4)၊ လူကာ (F-5) (ဖမ်းဆီးရန်ကျန်)၊ ကိုထက် (F-6) (ဖမ်းဆီးရန်ကျန်)၊ အောင်ကိုထွေး(F-7)၊ ဝေယံဖြိုး (F-8)၊ ကြယ်စင်နှင်းဝေ (F-9)၊ ဟိန်းလတ် (F-10) (ဖမ်းဆီးရန်ကျန်)၊ ခန့်သူရိန် (F-11)၊ သူရရှင်း (F-12) (ဖမ်းဆီး ရန်ကျန်) တို့နှင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများမှ လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်မှု အနေဖြင့် ဇူလိုင်လ ၂၅ ရက်တွင် ဟိန်းထက်အောင်၊ သန့်ဇင် နှင့် ဝေယံဖြိုး တို့မှ မရမ်းကုန်း မြို့နယ်၊ (၃)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး ဟိန်းထက်အောင်(ခ)ဈန်ရဲမှ အပြစ်မဲ့ပြည်သူ ဦးမိုးကျော်စိုး အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း၊ ဩဂုတ်လ ၁ ရက်တွင် ဟိန်းထက်အောင်၊ သန့်ဇင်၊ အောင်အောင်ဦး နှင့် ငြိမ်းချမ်းဖြိုး တို့မှ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရစဖရုံးသို့ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းဖြိုး နှင့် အောင်အောင်ဦး တို့မှ လက်ပစ်ဗုံး ၂ လုံးအား ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ဦးဉာဏ်လှိုင်၊ ဦးနန်းဝင်း၊ ဦးသိန်းလွင် နှင့် မသီရိသော် တို့တွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်တွင် ဟိန်းထက်အောင် ၊ အောင်ကိုဦး၊ ခန့်သူရိန်နှင့် အောင်ကိုထွေး တို့မှ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ပန်းတစ်ရာ လက်ဘက်ရည် ဆိုင်သို့ သွားရောက်ခဲ့ပြီး အောင်ကိုဦး မှ လက်ဘက်ရည် သောက်နေသော အပြစ်မဲ့ ပြည်သူ ဦးစိန်သောင်း အား သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့သဖြင့် ဦးစိန်သောင်း တွင် (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် ဟိန်းထက်အောင်၊ အောင်ကိုဦး၊ အာကာ(ဖမ်းဆီးရန်ကျန်)နှင့် သန့်ဇင် တို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၉)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး သန့်ဇင် မှ အပြစ်မဲ့ပြည်သူ ဦးနိုင်လင်း အား သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများအနေဖြင့် ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ်၊ အကြမ်းဖက် သတ်ဖြတ်မှု (၃)ကြိမ်တို့ ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများသည် လှိုင်တက္ကသိုလ်နယ်မြေ၊ အုန်းတောဆောင် အနီးတွင် အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိ တရားခံများသည် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် သေနတ်နှင့် လက်ပစ်ဗုံးများအား NUG နှင့် ချိတ်ဆက်ဆောင်ရွက်သည့် အာကာ (ဖမ်းဆီးရန်ကျန်) ထံမှ ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည့် NUG မှ ရည်မွန် နှင့် ဇော်ဝေစိုး တို့အနေဖြင့် အသက်မပြည့်သေးသည့် လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေခဲ့သောကြောင့် လူငယ်များအနေဖြင့် မူးယစ် ဆေးဝါးသုံးစွဲကာ အကြမ်းဖက်ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်း ပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။