အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၈

    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစု များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ အမှတ်(၂)ခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်(တောင်ပိုင်း)ရက်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် ခေတ္တရာမြို့သစ်ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျောင်းဝန်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း တို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။