အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇွန် - ၅

ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့တို့ရှိ အခြေခံပညာကျောင်းများ၌ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များရှင်းလင်းခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ဆောင် အတွင်း၊ အပြင် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေး ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။