အင်ဂျင်တစ်လုံးတပ် အသံထက် အလွန်မြန် တိုက်လေယာဉ် ရုရှား တည်ဆောက်နေ

ရုရှားနိုင်ငံမှာသာမက ကမ္ဘာ့ဈေးကွက်မှာပါ နာမည်ကောင်းရရှိထားတဲ့ ဆူခွိုင်ဒီဇိုင်းဗျူရို အမည်ရှိ လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းက ပဉ္စမမျိုးဆက် တိုက်လေယာဉ်အသစ်တစ်မျိုးကို တည်ဆောက်နေပါတယ်။

အဲဒီတိုက်လေယာဉ်ကတော့ အပေါ့စား တိုက်လေယာဉ်ဖြစ်မှာဖြစ်ပြီး အသံထက် နှစ်ဆမြန်တဲ့  အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်အထိတော့   အဲဒီတိုက်လေယာဉ်ကို အမည်မပေးရသေးပေမယ့် လက်ရှိထုတ်လုပ် ထားတဲ့အကြီးစား SU-57 တိုက်လေယာဉ်ကို ပိုမိုပြည့်စုံသွားစေမယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့  RIA Novosti သတင်းဌာနရဲ့ ထုတ်ပြန် ချက်အရဆိုရင် အဲဒီပဉ္စမ မျိုးဆက် တိုက်လေယာဉ် အသစ်ဟာ အင်ဂျင်တစ်လုံးတည်း ရှိမယ်၊  ရေဒါနဲ့ ဖမ်းယူခံရနိုင်မှုကို လျှော့ချနိုင်မယ်၊ အမြင့်ဆုံးသော လှုပ်ရှားစစ် ကစားမှုကိုပြုလုပ်နိုင်မယ်၊ အကောင်းဆုံးသော တွန်းကန်အားစနစ် ပါရှိမယ်လို့   သိရပါတယ်။

ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာကတော့ အဲဒီတိုက်လေယာဉ်ကို လူပါတဲ့ပုံစံသာမက လူမဲ့ပုံစံနဲ့လည်း ထုတ်လုပ်သွားမယ်လို့ ဆိုထားခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ သာမန်တိုက်လေယာဉ်တွေဆိုရင် လေယာဉ်တွန်းကန်အားက ဦးတည်ရာ တစ်ခုတည်းအတွက်သာ ထွက်ပေါ်တာဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးပေါ် တိုက်လေယာဉ်တွေမှာတော့  လေယာဉ် တွန်းကန်အားက အထက်အောက် လှည့်ပတ်နိုင်တာကြောင့် လေယာဉ်ကိုကြိုက်သလို စစ်ကစားလို့ရပါတယ်။ အထူးသဖြင့် ဝေဟင်ထက်စီးချင်းထိုး တိုက်ခိုက်မှုတွေမှာ  အကောင်းဆုံး အသုံးချနိုင်ပါတယ်။

ဒါ့အပြင် အဲဒီလိုတွန်းကန်အား စနစ်ကြောင့် လေယာဉ်မှူးအနေနဲ့ သူ့လေယာဉ်ဝေဟင်ပေါ် ပျံတက်နိုင်ရေးအတွက် အချိန်ကြာမြင့်စွာ မယူရတော့ဘဲ အချိန်တိုအတွင်းမှာ ပျံတက်နိုင်စေမှာဖြစ်ပါတယ်။

အဲဒီလို တွန်းကန်အားစနစ်ကို အခုတည်ဆောက်နေတဲ့   အပေါ့စားတိုက်လေယာဉ်မှာ  ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားတဲ့ လေယာဉ်နဲ့ ပတ်သက်တဲ့ နောက်တစ်ချက်က သူ့ရဲ့အမြန်နှုန်း အကြောင်းဖြစ်ပြီး အသံထက် နှစ်ဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မယ်လို့ ဆိုထားခြင်းပါပဲ။

ဒါကြောင့် အဲဒီလေယာဉ်ဟာ  SU-57 တိုက်လေယာဉ်မှာ အသုံးပြုထားတဲ့ အလေးချိန် ၁၈ တန်ရှိ  Izdeliye 30 အင်ဂျင်ကို အသုံးပြုဖွယ်ရှိတယ်လို့  ရုရှားသုတေသီ တစ်ဦးဖြစ်တဲ့ ရော့လီကပြောပါတယ်။

ဒါတင်မကသေးပါဘူး။ အဲဒီလေယာဉ်အင်ဂျင်မှာ Afterburner လည်း ပါဝင်ဖွယ်ရှိပါတယ်။ Afterburner ဆိုတာကတော့ ကနဦးအင်ဂျင်ကနေ  စွန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကို    တစ်ဖန်ပြန်လည်ပြီး လောင်ကျွမ်းစေခြင်းဖြင့်  တွန်းကန်အား ပိုမိုမြင့်မားစေဖို့ စွမ်းဆောင်ပေးတာ ဖြစ်ပါတယ်။

ဆူခွိုင်ကုမ္ပဏီက ထုတ်လုပ်မယ့်  အခုလေယာဉ်ကတော့ ၂ဝ၃ဝ ပြည့်နှစ်ကာလများ ရောက်မှသာ တိုက်လေယာဉ်လောကကို ဝင်ရောက်နိုင်ဖွယ် ရှိပါတယ်။

ဒါပေမဲ့လည်း  အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ်ဟာ  ရုရှားနိုင်ငံရဲ့ တိုက်လေယာဉ်လောကမှာ အခွင့်အလမ်းကောင်း တွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။