အင်ဒိုနီးရှားက ဘာလီမှ အလုပ်လုပ်ခြင်း အစီအစဉ်ကို ဖော်ဆောင်မည်

အင်ဒိုနီးရှား အစိုးရအနေဖြင့်   နိုင်ငံ့ဝန်ထမ်းများအတွက် ဘာလီမှ အလုပ်လုပ်ခြင်း အစီအစဉ်ကို ဖော်ဆောင်ကာ ဘာလီကျွန်း၏ ပျက်စီးယိုယွင်းနေသော စီးပွားရေးကို အကူအညီ ပေးမည်ဖြစ်သည်။

ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ရေးရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက နူဆာဒူအာကျွန်းတွင် ရှေ့ပြေးစီမံကိန်း တစ်ခုနှင့်အတူ အဆိုပါ အစီအစဉ်ကို စတင်ဖော်ဆောင်မည်ဖြစ်သည်။

နူဆာဒူအာကျွန်းသည် ၂ဝ၁၃ ခုနှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကို လက်ခံကျင်းပရာ အဓိကနေရာဖြစ်ပြီး  ယခုအခါ  ထိုကျွန်း၌ အစည်းအဝေးများ ကျင်းပရေးနှင့်  အရပ်တစ်ပါး၌     လှုပ်ရှား ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ဝန်ကြီးဌာနက တွန်းအားပေးသွားမည်ဖြစ်သည်။

ထိုနေရာသို့ အစိုးရနှင့် နိုင်ငံပိုင်ကုမ္ပဏီများမှ အလုပ်သမားများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဘာလီကျွန်း၏ စီးပွားရေးသည်လည်း တစ်ဖန်ပြန်လည် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးက  မေ ၂၉  ရက်တွင်ပြောသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်များကို    ပိတ်ထားရဆဲဖြစ်သည့်အတွက်  နိုင်ငံ၏ စီးပွားရေးအထိခိုက်ဆုံး ပြည်နယ်များတွင် ဘာလီကျွန်းလည်း အပအဝင်ဖြစ်ကာ  ဟိုတယ်များနှင့်  ကမ်းခြေများကို ပိတ်ထားရဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်  ဇန်နဝါရီလမှ  မတ်လအတွင်း ဘာလီကျွန်းသို့ လာရောက်သည့် ခရီးသည် ၁ ဒသမ ၁ သန်းရှိသော်လည်း ယခုနှစ် အလားတူ ကာလတွင် ပြည်ပခရီးသည် ၂၅ ဦးသာ ရှိကြောင်း သိရသည်။