အင်ဒိုနီးရှားပျက်ကျလေယာဉ်မှ မှတ်တမ်းတင်စက် (Black  Box) နှစ်လုံးအနက် တစ်လုံးကိုဆယ်ယူရရှိ

အင်ဒိုနီးရှားပျက်ကျလေယာဉ်မှ မှတ်တမ်းတင်စက် (Black  Box) နှစ်လုံးအနက် တစ်လုံးကိုဆယ်ယူရရှိ

ဂျကာတာ၊ ကယ်ဆယ်ရေး

အင်ဒိုနီးရှား သီရိဝိဇယလေကြောင်း လိုင်းမှ    ပျက်ကျသွားသည့် လေယာဉ်၏ လေယာဉ်မှူးအခန်းမှတ်တမ်းတင်စက် (Black  Box) နှစ်လုံးအနက် တစ်လုံးကို ဇန်နဝါရီ ၁၂ ရက်တွင်ဆယ်ယူရရှိကြောင်း စစ်ဘက်အကြီးအကဲ ဟာဒီဂျာဂျန်တိုကပြောသည်။

ထို့ပြင် ကျန်ရှိနေသည့်မှတ်တမ်းတင်စက်နောက်တစ်လုံးကိုလည်း    မကြာမီအချိန်အတွင်း ဆယ်ယူရရှိမည်ဟုယုံကြည်ကြောင်း ၎င်းင်းကဆက်ပြောသည်။

သီရိဝိဇယလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် ဂျာဗားပင်လယ်ထဲသို့ပျက်ကျသွားခြင်းဖြစ်ပြီး ထိုသို့ပျက်ကျပြီးသုံးရက်ကြာမှသာ မှတ်တမ်းတင်စက်တစ်လုံးကို ဆယ်ယူရရှိခြင်းဖြစ်သည်။အဆိုပါခရီးသည်တင်လေယာဉ်သည် ဇန်နဝါရီ ၉ ရက်တွင် ဂျကာတာလေဆိပ်မှထွက်ခွာပြီး မိနစ်ပိုင်းအတွင်းမှာပင် အဆက်အသွယ်ပြတ်တောက်သွားကာ    ဂျာဗားပင်လယ်ထဲသို့ပျက်ကျသွားခြင်းဖြစ်သည်။

ခရီးသည်နှင့်လေယာဉ်အမှုထမ်း ၆၂ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်ပျက်ကျရာနေရာတွင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၆၀၀ ကျော်၊   ရဟတ်ယာဉ် ၁၃ စင်း၊ သင်္ဘော ၅၄ စင်းနှင့် လှေငယ်အစင်း ၂၀ တို့ဖြင့် ရှာဖွေရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြောင်း သိရသည်။အဆိုပါရှာဖွေကယ်ဆယ်မှုများကြောင့် ရေအနက် ၂၃ မီတာတွင်  လေယာဉ်၏အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကိုတွေ့ရှိထားသည်။

ကယ်ဆယ်ရေးသမားများသည် ရုပ်အလောင်းအပိုင်းအစများ ပါဝင်သည့် အလောင်းထည့်အိတ် ၇၄ လုံးကို ဇန်နဝါရီ ၁၁ ရက်တွင် ရဲတပ်ဖွဲ့သို့အပ်နှံခဲ့ရာ ပထမဆုံးအတည်ပြုပြီးသည့်   ရုပ်အလောင်းမှာ ခရီးသည် အော့ကီဘစ္စမာ၏ရုပ်အလောင်းဖြစ်ကြောင်း သိရသည်။ အော့ကီဘစ္စမာ၏ဇနီးဖြစ်သည့် အယ်ဒါရီဖာက ထိုလေယာဉ်နှင့်လိုက်သွားရန်  စာရင်းပေးထားသော်လည်း မလိုက်ဖြစ်ဘဲ  ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။