အင်ဒိုနီးရှားအစိုးရက အောက်ဆီဂျင်ထောက်ပံ့မှုကို သုံးဆတိုးမြှင့်

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားနိုင်ငံ၌ ကူးစက်မြန်ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေဆိုးရွားလာသဖြင့် အစိုးရက ဆေးရုံများသို့    အောက်ဆီဂျင်ဘူးများထောက်ပံ့မှုကို သုံးဆတိုးမြှင့်ထားကြောင်း သိရသည်။

နိုင်ငံ၏အောက်ဆီဂျင်ထုတ်လုပ်မှုမှ ၄ ပုံ ၃ ပုံကို လာမည့်သီတင်းပတ်နှစ်ပတ်တွင် ဆေးရုံများသို့   ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒါဆာဒီကင်ကပြောသည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဖြစ်စဉ်ကို သင်ခန်းစာယူ၍ အောက်ဆီဂျင်ထောက်ပံ့မှုများကို ကောင်းစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူဦးရေ ၂၇၅ သန်းရှိပြီး   ကမ္ဘာ့လူဦးရေအထူထပ်ဆုံး စတုတ္ထနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါ စတင်ဖြစ်ပွားစဉ် ကတည်းက အဆိုးဝါးဆုံးကူးစက်မှု အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဂျကာတာမြို့နှင့် ဂျာဗားကျွန်းတစ်ဝန်းရှိ ဆေးရုံများ၌ အောက်ဆီဂျင် ဘူးများစွာ လိုအပ်နေသောကြောင့် နိုင်ငံ၏အခြေအနေမှာ ကပ်ဘေးကြုံတွေ့နိုင်သည့်အခြေအနေဖြစ်လာနိုင်ကြောင်း နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်းအဖွဲ့အစည်းက ယခုသီတင်းပတ်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂျာဗားကျွန်းပေါ်ရှိမြို့များ၌ အောက်ဆီဂျင်ဘူးလိုအပ်ချက်များစွာ ဖြစ်ပေါ်နေပြီး ကိုဗစ်-၁၉ လူနာများ၏ မိသားစုဝင် များနှင့်မိတ်ဆွေများက ၎င်းတို့၏လူနာများကိုကယ်တင်နိုင်ရန် အောက်ဆီဂျင်ဘူးများဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဂျကာတာမြို့၌ အောက်ဆီဂျင်တစ်ဘူး၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၀ မှ ၁၄၀ အထိ နှစ်ဆကျော် မြင့်တက် သွားကြောင်းသိရသည်။

Ref: The Guardian