အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှုစတင်၊ သမ္မတကိုယ်တိုင် ထိပ်ဆုံးက ဆေးထိုးမှုခံယူ

 

အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးထိုးအစီအစဉ်ကို ဇန်နဝါရီ ၁၃ ရက်တွင်စတင်ကြောင်းနှင့်  သမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင် ကာကွယ်ဆေးထိုးမှုကို  ထိပ်ဆုံးကခံယူ ကြောင်း သိရသည်။

သမ္မတ၏ကာကွယ်ဆေးထိုးခြင်းကို ဂျကာတာမြို့တော်ရှိ  သမ္မတအိမ်တော်၌ လုပ်ဆောင်ခြင်းဖြစ်ပြီး   ပြည်သူများကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် ကာကွယ်ဆေးကို စိတ်ချစွာအသုံးပြုနိုင်ကြောင်း အစိုးရကပြောထားသည်။

တရုတ်နိုင်ငံ   ဆီနိုဗက်ဘိုင်အိုတက်ကုမ္ပဏီထုတ် ကိုရိုနာဗက်အမည်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို နိုင်ငံအတွင်း အသုံးပြုရန် တာဝန်ရှိသူများက ဇန်နဝါရီ ၁၁ ရက်တွင် ခွင့်ပြုပေးပြီးနောက် ကာကွယ်ဆေးထိုးအစီအစဉ်ကိုစတင်ခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် အသက် ၁၈ နှစ်နှင့် ၅၆ နှစ်ကြားရှိ ကျန်းမာရေးဝန်ထမ်း ၁ ဒသမ ၄၅ သန်းကျော်ကို ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းင်းတို့သည် ကာကွယ်ဆေးနှစ်လုံးထိုးရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင် ကပြောသည်။

သို့သော် အသက် ၆၀ နှင့်အထက်ရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးခွင့်ရရှိရေးမှာ အနည်းငယ် ကြာမြင့်မည်ဖြစ်ကြောင်းနှင့်    ထိုသူများအနေဖြင့်   အမေရိကန်ဆေးကုမ္ပဏီကြီးဖြစ်သော ဖိုင်ဇာနှင့် ဗြိတိန်ဆေးကုမ္ပဏီဖြစ်သော အက်စထရာဇီနီကာတို့မှ ကာကွယ်ဆေးများကို ထိုးနှံသင့်သည်ဟု ယူဆ သောကြောင့် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ဘူဒီဂူနာဒီဆာဒီကင်က ဆက်ပြောသည်။

အင်ဒိုနီးရှားအစိုးရသည်   ၎င်းင်းတို့၏ကာကွယ်ဆေးထိုးအစီအစဉ်တွင် နိုင်ငံ၏လူဦးရေ သန်း ၂၇၀ အနက် ၁၈၂ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။