အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းနှင့် ဆက်စပ်သူများ ဖော်ထုတ်ဖမ်းဆီးရမိ

အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းနှင့် ဆက်စပ်သူများ ဖော်ထုတ်ဖမ်းဆီးရမိ
 

နေပြည်တော်၊ ဇူလိုင်လ ၁၆

 
ဆူပူအကြမ်းဖက်မှုကို လိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထုသွားလာ လှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ် ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်း စာနာထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက် နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ပြုလုပ်နေသော တရားခံ ရဲဝင်းထွဋ်(၄၅)နှစ်၊ အငှားယာဉ်မောင်း အား အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ City Golf Resort ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ဆက်စပ်တရားခံ အောင်နိုင်သူ(ခ)Rain(၂၉)နှစ်နှင့် ထွန်းဇော်ချစ် (၂၄)နှစ်တို့ ၂ ဦးအား TNT ယမ်းဗူး ၈ ဗူး၊ ဒီတိုနေတာ ၈ ချောင်းတို့နှင့်အတူ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ ဗဟိုအသင်းတော် နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ ဖမ်းဆီးရမိခဲ့သည်။

တရားခံ အောင်နိုင်သူ(ခ)Rain ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၃ ရက် ညနေပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သော ခန့်ထက်နိုင်(ခ)အပုလေး(၂၀)နှစ်နှင့် ဟိန်းဇော်အောင်(၂၈)နှစ်တို့ ၂ ဦး အား မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ သီရိဧည့်ရိပ်သာတွင် ဖမ်းဆီးရမိခဲ့ပြီး ခန့်ထက်နိုင်(ခ)အပုလေး၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၃)လွှာ၊ အမှတ်(၅၉/B) လူမနေသော တိုက်ခန်းအား လုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၂ လုံး၊ လုပ်သေနတ် (ကျည်ကတ် အပါ) ၁ လက်၊ ဒီတိုနေတာ ၁၁ ချောင်း၊ ယမ်းကြိုးခွေ ၇၀ ကိုက်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့သည်။

တရားခံ ဟိန်းဇော်အောင် ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် လုံခြုံရေးအဖွဲ့ များသည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ တိုက်အမှတ်(၆၅၆)၊ (၅)လွှာအား ဝင်ရောက် ရှာဖွေခဲ့ရာ ဆက်စပ်တရားခံ ငြိမ်းချမ်းအောင်(ခ)ငြိမ်းချမ်း(၂၃)နှစ်အား ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၂ တောင့်၊ လက်လုပ်သေနတ် ၃ လက်၊ ပွိုင့်-၂၂ ကျည် ၄၉ တောင့်၊ ၉၁ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန် ပြင်ဆင်ထားသောပိုက် ၁၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၄ ရက် နံနက်ပိုင်း တွင် အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ KBZ ဘဏ်အနီး၌ ဆက်စပ်တရားခံ ငြိမ်းချမ်းကို(၃၀)နှစ်အား Beretta 92 ပစ္စတို(အသံတိတ်ပြောင်းအပါ) ၁ လက်၊ Stoeger Cougar 8000 ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၈ တောင့်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

တရားခံ ငြိမ်းချမ်းကို ၏ ထွက်ဆိုချက်အရ နေ့လယ်ပိုင်းတွင် လုံခြုံရေးအဖွဲ့ များသည် အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ရာ၊ ကမ်းနားအလယ်ရပ်ကွက်၊ တိုက်အမှတ်(၆)၊ အခန်း (၄၀၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ ဆက်စပ်တရားခံ မင်းညီ(ခ)သက်နိုင်လင်း(၂၉)နှစ်၊ ကောင်းမြတ်ပိုင်(ခ)ကောင်းမြတ် (၂၁)နှစ်၊ ဇင်မင်းထက်(ခ)အရှည်ကြီး (၁၇)နှစ်၊ သက်ဝင်းထွန်း (ခ)ဇွဲ (၁၇)နှစ်နှင့် နန်းသူသူအောင်(ခ)မသူ(၂၉)နှစ်တို့ ၅ ဦးအား Czech နိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ်၁ ခု၊ ၉ မမ Luger ကျည် ၁၂ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ ယမ်းထုပ် ၄ ထုပ်၊ ကန့် ၂၃ ထုပ်၊ ယမ်း/မီးသွေးရောစပ်ထားသော ကော်ဗူး ၂ ဗူး၊ လက်လုပ်မိုင်းပြုလုပ်ရန် အသုံးပြုသောပိုက်လုံး ၁၈ ချောင်းနှင့် လက်လုပ်မိုင်းပြုလုပ် ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ခန့်ထက်နိုင်(ခ)အပုလေး ၏ ထွက်ဆိုချက်အရ ညနေပိုင်းတွင် ဆက်စပ်တရားခံ ဇေယျာ(၃၄)နှစ်အား မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အလယ်ဗဟို လမ်းရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကောင်းမြတ်ပိုင် ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၅ ရက် ညနေပိုင်း တွင် KNLA တပ်မဟာ(၅)နယ်မြေအတွင်း ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် ချိန်ဆက်စေလွှတ်ပေးသူ တရားခံ ရဲရင့်အောင်(၄ဝ)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၇)လမ်း၊ အမှတ်(၁၄၉)တွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခန့်ထက်နိုင်(ခ)အပုလေး ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၅ ရက် ညပိုင်းတွင် ဆက်စပ်တရားခံ ဇေယျ(ခ)ဇေယျာမင်းထက်(၂၁)နှစ်အား မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်၊ (၁) ရပ်ကွက်၊ (၁၁)လမ်း၌ လည်းကောင်း၊ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံ စိုးမင်းသန်း(ခ)စောဖိုးခွား(၂၇)နှစ်အား မရမ်းကုန်း မြို့နယ်၊ (၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း၊ (၈)လမ်း၌ လည်းကောင်း၊ ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် ဆက်စပ်တရားခံ တင်လင်း(၂၈)နှစ်အား မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးနှင့် သမိုင်းဘူတာရုံလမ်းထောင့်ရှိ City Mart ၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
တရားခံ တင်လင်း၏ ထွက်ဆိုချက်အရ ညနေပိုင်းတွင် ဆက်စပ်တရားခံ ဝင်းပပအောင်(ခ)ပပ(၄၂)နှစ်အား အင်းစိန်မြို့နယ်၊ အင်းစိန်ဘူတာရုံလမ်း၊ အနောက် ကြို့ကုန်းရပ်ကွက်၊ Denko ဆီဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝင်းပပအောင်(ခ)ပပ ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် လုံခြုံရေး အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ နွယ်နီ(၃)လမ်း၊ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဆက်စပ်တရားခံ အောင်ဇော်မိုး(၄၆)နှစ်နှင့် မအေးအေးမင်း(၄၇)နှစ် တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ဟိန်းဇော်အောင် ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၁၁ ရက် ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၅၀၆)နေအိမ်၌ ဆက်စပ်တရားခံ သန့်ဇင်(၃၀)နှစ်နှင့် ကျော်ဝေယံထွန်း(ခ)ကျော်ကြီး(၂၇)နှစ်တို့ ၂ ဦး အား လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများဖြစ်သော အပုလေး၊ ဟိန်းဇော်အောင်၊ ငြိမ်းချမ်းအောင်၊ ငြိမ်းချမ်းကို(ခ)ကောက်ကွေး၊ ဇေယျာတို့ ၅ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အောင်ဆက်(စိစစ်ဆဲ)၊ အင်းစိန်(စိစစ်ဆဲ)၊ ကုလား(စိစစ်ဆဲ)၊ ကိုစော(စိစစ်ဆဲ) တို့နှင့်အတူ နေရာများခွဲ၍ လက်လုပ်မိုင်းများအား အင်းစိန်(ကညနရုံး)တွင် ၁ ကြိမ်၊ အင်းစိန်(BPI ဆေးဝါးစက်ရုံလမ်းဆုံ)တွင် ၁ ကြိမ်၊ မရမ်းကုန်း(လဝကရုံး)တွင် ၂ ကြိမ်၊ မရမ်းကုန်း(တိရိစ္ဆာန်ကုဆေးခန်းရှေ့)တွင် ၁ ကြိမ်၊ မရမ်းကုန်း(၁-ရပ်ကွက်၊ ရစဖမှူး၏ ယာဉ်)တွင် ၁ ကြိမ်၊ မရမ်းကုန်း(ယာဉ်ထိန်းရုံး)တွင် ၁ ကြိမ် စုစုပေါင်း ၇ ကြိမ် ဖောက်ခွဲ ခဲ့ကြောင်း သိရသည်။

တရားခံများဖြစ်သော ငြိမ်းချမ်းအောင်၊ ငြိမ်းချမ်းကို၊ ဟိန်းဇော်အောင်၊ မင်းကိုကို တို့ ထွက်ဆိုချက်အရ ဇွန်လ ၃ ရက်တွင် Eddie ၏ စေခိုင်းမှုဖြင့် လူ ၁ ဦး အား ပါရမီတံတားအောက်၌ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ထိုသူမှာ ဟိန်းဇော်အောင် ၏ ယခင်သိကျွမ်း ရင်းနှီးခဲ့သော ပရိဘောဂကုမ္ပဏီမှ မန်နေဂျာ ၁ ဦး ဖြစ်သဖြင့် လုပ်ကြံမှုမပြုခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်နေ တက္ကစီယာဉ်မောင်း ၁ ဦးအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံရန် စီစဉ်ခဲ့သော်လည်း ကျည်မထွက်သဖြင့် လုပ်ကြံမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။

တရားခံများဖြစ်သော မင်းညီနှင့် ငြိမ်းချမ်းကို တို့၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရာအိမ်မှူး ဦးမောင်မောင်မြင့်(၅၃)နှစ်အား လုပ်ကြံ သတ်ဖြတ်သည့် မှန်လေး (အင်းစိန်)အဖွဲ့ထံ ငြိမ်းချမ်းကိုမှ ၎င်း၏ အသံတိတ်ပြောင်းပါ ပစ္စတိုအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်၌ တရားခံ ကျား ၂၀ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၂ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၄ လက်၊ လုပ်သေနတ် ၄ လက်၊ ကျည်မျိုးစုံ ၉၁ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံး၊ ဒီတိုနေတာ ၁၉ ချောင်း၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဖျက်ဆီးရေး ဆက်စပ်ပစ္စည်းမျိုးစုံ တို့အား သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်းများနှင့် အစိုးရဌာနဆိုင်ရာရုံး များအား ဖောက်ခွဲဖျက်ဆီးရန် ဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။