အစ္စရေးနိုင်ငံထုတ် ဂျီပီအက်(စ်)ပါ နန်နိုဆေးဝါးက ပဋိပစ္စည်းဖြင့် ကုသမှုကို အစားထိုးလာနိုင်

အစ္စရေးနိုင်ငံထုတ်  ဂျီပီအက်(စ်)ပါ နန်နိုဆေးဝါးက ပဋိပစ္စည်းဖြင့် ကုသမှုနည်းလမ်းနေရာတွင် အစားထိုးလာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

အဆိုပါဆေးဝါးသည် ကျန်းမာသော ကိုယ်ခံအား ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေခြင်း မရှိဘဲ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ကြောင်း သဘာဝ နန်နိုနည်းပညာ သိပ္ပံဂျာနယ်၌  သိပ္ပံပညာရှင်များက ရေးသားထားသည်။

လက်ရှိအသုံးပြုနေသော ရောင်ရမ်းခြင်း ဝေဒနာများအတွက် ကုသမှုများသည် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အကျိုးသက်ရောက်မှု ရှိနေပြီး ယခုဖန်တီးထားသော  နန်နိုဆေးဝါးတွင် တည်နေရာ အချက်ပြစနစ်ဖြစ်သည့် ဂျီပီအက်(စ်)ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ မှန်ကန်သော ကလာပ်စည်းအပေါ်တွင်သာ အတိအကျသက်ရောက်နိုင်စေကြောင်း တဲအဗစ် တက္ကသိုလ်မှ ပါမောက္ခဒန်ပီးယား ကပြောသည်။

သိပ္ပံပညာရှင်များသည် အဆိုပါသောက်ဆေးကို ကြွက်များတွင် စမ်းသပ်ရာ သာမန်ပဋိပစ္စည်းဖြင့် ကုသမှုကဲ့သို့ပင် အာနိသင် သက်ရောက်မှုရှိသည်ကို တွေ့ရသည့် အတွက် လူသားများဖြင့် စမ်းသပ်မှုကို လာမည့်နှစ်နှစ်အတွင်း  လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း ဒန်ပီးယားက ဆက်ပြောသည်။

ထိုဆေးဝါးသည်  ရိုင်ဘိုနျူကလီးယစ် အက်စစ် (RNA)ကို အသုံးပြုထားခြင်းဖြစ်ပြီး ၎င်းတွင် နန်နိုအမှုန်လေးများက ရောင်ရမ်းမှုဖြစ်နေသော ကလာပ်စည်းများ၏ လက်ခံသူများထံ ရောက်ရှိသွားကာ ရောင်ရမ်းမှုကိုဖြစ်စေသော   မျိုးရိုးဗီဇကို ပြုပြင်ခြင်း သို့မဟုတ် ငြိမ်သက်စေခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ထိရောက်စွာ ကုသခြင်းဖြစ်ကြောင်း သိရသည်။