အနှေးနဲ့အမြန်ပျောက်ဆုံးသွားတဲ့ မြို့ကြီးများ

 

ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်မှာ အထင်ကရမြို့ကြီးတွေဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ပြန်ပေါ် လာလိုက်နဲ့တည်ရှိခဲ့ပါတယ်။ တချို့မြို့ကြီးတွေကျတော့ သူတို့အနေနဲ့ သမိုင်းကြောင်း တစ်လျှောက် တည်ရှိခဲ့ ပါတယ်ဆိုတဲ့ သက်သေအထောက်အထားတောင်မှ မရှိတော့ပါဘူး။ တချို့မြို့တွေကတော့ သူတို့တည်ရှိခဲ့ဖူး တယ်ဆိုတဲ့အကြောင်း သက်သေနည်းနည်းချန်ခဲ့ကြပါတယ်။

ဒီလိုမျိုးမြို့ကြီးပြကြီးတွေ ပျက်စီးပျောက်ဆုံးသွားရတဲ့ အဓိကအကြောင်းရင်းကတော့ ရာသီဥတုပြောင်းလဲမှု၊ စစ်ပွဲများဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားမှုတို့ကြောင့်ဖြစ်ပါတယ်။ တချို့မြို့ကြီးတွေက အပြင်ပန်း အားဖြင့်ပျောက်ဆုံးသွားတယ်လို့ထင်ရပေမယ့်လည်း တကယ်တမ်းကျတော့ ရှေးဟောင်းပစ္စည်းတွေထွက်ပေါ် လာတဲ့အခါမှာ သူတို့ဟာပြန်ပြီး အသက်ဝင်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် အခုတင်ပြပေးမယ့်အကြောင်းအရာက တော့ လူသားတွေရဲ့သမိုင်းမှာ ပျောက်ဆုံးသွားပြီဖြစ်ပေမယ့်လည်း လက်တွေ့ဘဝမှာ တည်ရှိနေဆဲဖြစ်တဲ့  မြို့ဟောင်းကြီးတွေ အကြောင်းပဲဖြစ်ပါတယ်။

ပက်ထရာ

ဂျော်ဒန်နိုင်ငံတောင်ပိုင်းမှာတည်ရှိတဲ့ ပက်ထရာမြို့ဟာ အရင်တုန်းက နာဘာထင်းဘုရင့်နိုင်ငံတော်ရဲ့မြို့တော် ကြီးဖြစ်ပါတယ်။ နာဘာထင်းဘုရင့်နိုင်ငံတော်ကြီးဟာ ဘီစီ ၄ ရာစုကနေ အေဒီ ၁၀၆ ခုနှစ်အထိ တခမ်းတနား တည်ရှိခဲ့တဲ့ နိုင်ငံတော်ကြီးပါ။

အရင်တုန်းကဆိုရင် ပက်ထရာမြို့ဟာ ကုန်သွယ်ရေးလမ်းဆုံမှာရှိတဲ့မြို့ကြီးဖြစ်ပြီး အဓိကအားဖြင့် ဟင်းခတ် အမွှေးအကြိုင်နဲ့ ပိုးထည်တွေကုန်သွယ်ရာနေရာဖြစ်ပါတယ်။ ရောမ၊ ဂရိ၊ အီဂျစ်၊ အိန္ဒိယနဲ့ တရုတ် နိုင်ငံတို့ကနေ လာရောက်ကုန်သွယ်ကြတဲ့ ကုန်သည်တွေတွေ့ဆုံရာနေရာလည်းဖြစ်ပါတယ်။

ဝါဒီမူဆာချောက်ကြီးရဲ့ ဘေးမှာတည်ရှိတဲ့ ပက်ထရာမြို့ဟာ သဲကျောက်တောင်နဲ့ ကမ်းပါးယံတွေကို ထွင်းထု တည်ဆောက်ထားတဲ့မြို့ကြီးပါ။ ရှုပ်ထွေးတဲ့ရေပေးဝေမှုစနစ်လည်းပါဝင်တဲ့ အဲဒီမြို့မှာ ရေပိုက်တွေကို ကြွေတွေ နဲ့ပြုလုပ်ထားတာလည်းတွေ့ရပါတယ်။ ရေပိုက်လိုင်းတစ်ခုရဲ့ အရှည်ဟာဆိုရင် ၅ မိုင်အထိရှိတာကိုလည်း တွေ့ရပါတယ်။

အေဒီ ၁၀၆ ခုနှစ်မှာတော့ ရောမတွေက ပက်ထရာမြို့ကိုသိမ်းပိုက်လိုက်ပါတယ်။ ဒီလိုသိမ်းပိုက်ခံလိုက်ရတဲ့ အတွက် စည်ပင်ဖွံ့ဖြိုးနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဟာလည်း တခြားနေရာကိုပြောင်းလဲသွားပြီး ပက်ထရာ မြို့ရဲ့အနာဂတ်ဟာလည်း သေဆုံးသွားရပါတယ်။

အဲဒီနောက်ပိုင်း နှစ်ရာပေါင်းများစွာ အတွင်းဖြစ်ပွားတဲ့ မြေငလျင်တွေကြောင့် ပက်ထရာမြို့ရဲ့ရေပေးဝေ စနစ် ပျက်စီးပြီး မြို့ကြီးဟာလည်း စွန့်ပစ်ခံလိုက်ရပါတယ်။ ၁၉၁၂ ခုနှစ်မှာတော့ ယိုဟန်လူဝစ်ဘော်ခါက ပက်ထရာ မြို့ကြီးကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပွမ်ပေ

ပွမ်ပေမြို့ဆိုတာကတော့ အီတလီနိုင်ငံ ကမ်ပါနီးယားဒေသ နေပယ်မြို့အနီးမှာတည်ရှိတဲ့ မြို့နယ်လေးတစ်ခု ဖြစ်ပါတယ်။ ပွမ်ပေမြို့ရဲ့ဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး ပုံပြင်တွေကပြောမဆုံးအောင်ကို တည်ရှိခဲ့တာပါ။ အဲဒီဖြစ်ရပ် ဆိုးကတော့ အတိအကျဆိုရမယ်ဆိုရင် အေဒီ ၇၉ ခုနှစ် သြဂုတ်လ ၂၄ ရက်မှာပါ။

ဖြစ်စဉ်ကတော့ မြို့အနီးမှာရှိတဲ့ ဗီဆူးဗီးယက်မီးတောင်က အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားပါတယ်။ တစ်ချိန်တည်းမှာပဲ ပြင်ဆင်ချိန်မရလိုက်တဲ့ မြို့သူမြို့သားတွေဟာ ၄ မီတာကနေ ၆ မီတာအထိအထူရှိတဲ့ မီးတောင်ပြာမှုန့်တွေနဲ့ ချော်ရည်တွေအောက်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသူအရေအတွက်ကတော့ အဲဒီခေတ်အနေအထားအရ လူဦးရေ ၂၀၀၀ ကနေ ၁၆၀၀၀ အထိရှိမယ်လို့ခန့်မှန်းရပါတယ်။

မှတ်မှတ်ရရဖြစ်စေခဲ့တာကတော့ မီးတောင်ပြာတွေနဲ့ချော်ရည်တွေကြောင့် မြို့နဲ့ မြို့မှာရှိတဲ့လူတွေဟာ အဲဒီ အချိန်တုန်းက တည်ရှိခဲ့တဲ့အတိုင်းပဲ အရာမယွင်းဆက်လက်တည်ရှိနေခဲ့ပါတယ်။ အရာအားလုံးဟာ မီးတောင်ပြာ တွေအောက်မှာ ဖုံးအုပ်သွားပြီး အသက်ရှင်ကျန်ရစ်သူတွေလည်းမရှိတာကြောင့် နောက်ပိုင်းမှာ ပွမ်ပေမြို့ကြီးဟာ လည်း သမိုင်းထဲကနေပျောက်ကွယ်သွားပါတယ်။

၁၈ ရာစုအရောက်မှာတော့ ရှေးဟောင်းသုတေသနပညာရှင်တွေက အဲဒီမြို့ကိုပြန်လည်တူးဖော်မှုတွေလုပ်နိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက ပွမ်ပေမြို့သားတွေရဲ့ သွားလာနေထိုင်လှုပ်ရှားမှုတွေကို အသေးစိတ်ကျကျ ဖော်ထုတ် သိရှိနိုင်ခဲ့ပါတယ်။

 တီအိုတီဟွာကန်

ရှေးခေတ်အီဂျစ်နိုင်ငံတော်ဟာ သူ့မှာတည်ရှိတဲ့ အသက်ရှူမှားလောက်ဖွယ်ရာ ပိရမစ်တွေကြောင့် နာမည် ကျော်ကြားပါတယ်။ အလားတူပဲ ဘီစီ ၂ ရာစုခန့်ကတည်ရှိခဲ့တဲ့ တီအိုတီဟွာကန်မြို့ကလည်း သူ့မှာရှိတဲ့ပိရမစ် တွေကြောင့် နာမည်ကျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

မက္ကဆီကိုစီးတီးမြို့ရဲ့အပြင်ဘက် မိုင် ၃၀ ခန့်အကွာမှာတည်ရှိတဲ့ တီအိုတီဟွာကန်မြို့ဟာ ဘီစီ ၄၀၀ ပြည့်နှစ် ခန့်ကတည်းက အခြေချနေထိုင်မှုတွေစတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အေဒီ ၄၀၀ ပြည့်နှစ်အရောက်မှာတော့ အဲဒီမြို့ဟာ ဒေသတွင်းမှာသြဇာလွှမ်းမိုးမှု အရှိဆုံးမြို့ကြီးတစ်မြို့ဖြစ်လာခဲ့ပြီး အကွက်ကျကျတည်ဆောက်ထား တဲ့ တီအိုတီဟွာကန်မြို့ရဲ့လမ်းတွေက စုစုပေါင်း ၈ မိုင်ရှိပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ တီအိုတီဟွာကန်မြို့ရဲ့ ယဉ်ကျေးမှုရတနာတွေကတော့ ပိရမစ်တွေဖြစ်ပြီး တခြား နာမည်ကျော်နေရာတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာတွေကတော့ ရှေးဟောင်းကျောင်းတော်များ၊ နန်းတော်များ၊ ဈေးများနဲ့ လူနေအိမ်ရာများဖြစ်ပြီး တီအိုတီဟွာကန်မြို့တည်ရှိမှုအကြောင်းကတော့ ယနေ့ထိတိုင် ပဟေဠိအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီမြို့ကြီးပျောက်ဆုံး ပျက်စီးသွားရတဲ့ အကြောင်းရင်းကတော့ နှစ်ပေါင်း များစွာကြာမိုးခေါင်ရေရှားမှုကြောင့်ဖြစ်တယ်လို့လည်း တချို့ပညာရှင်တွေကယုံကြည်ထားပါတယ်။

ထီးရှာဖွန်း

ကမ္ဘာ့ရှေးအကျဆုံး လူသားတွေအခြေချနေထိုင်ရာနေရာတွေထဲမှာ အာရှတိုက်အနောက်ပိုင်း မက်ဆိုပို တေးမီးယား ဒေသလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဲဒီဒေသက ဆီးရီးယား၊ ကူဝိတ်၊ အီရတ်နဲ့ တူရကီနိုင်ငံတို့အဖြစ် ကွဲထွက်သွားပါပြီ။ ၆ ရာစုနှစ်တုန်းကဆိုရင် မက်ဆိုပိုတေးမီးယားဒေသရဲ့အကြီးကျယ် အခမ်းနားဆုံးမြို့တစ်မြို့ကတော့ ထီးရှာဖွန်းမြို့ဖြစ်ပြီး ယနေ့အချိန်အခါနဲ့ပြန်ကြည့်ရင် ဘဂ္ဂဒက်မြို့ပြင်ကနေ မိုင် ၂၀ ခန့်အကွာမှာတည်ရှိပါတယ်။

ထီးရှာဖွန်းမြို့ဟာ ရောမတွေရဲ့သိမ်းပိုက်မှုအပြင် ဘိုင်ဇန်တိုင်းအင်ပါယာရဲ့ သိမ်းပိုက်မှုကိုလည်းခံခဲ့ပါတယ်။  အေဒီ ၆၃၇ ခုနှစ်မှာတော့ ပါရှားတွေကိုအောင်နိုင်ခဲ့သည့်  မူဆလင်တို့ရဲ့လက်အောက် ကျဆင်းခဲ့ရပါတယ်။ ထီးရှာဖွန်းမြို့မှာ ယနေ့မြင်တွေ့နေရတဲ့ခန်းမဆောင်ကြီးကတော့ တစ်ချိန်တုန်းက ဘုရင့်နန်းတော်ရာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကမ္ဘာကျော်တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာ အဲဒီထီးရှာဖွန်းမြို့ကို အစ္စဘန်နီယာမြို့ အဖြစ် ရည်စူးခေါ်ဝေါ်ထားတာကိုလည်းတွေ့ရပါတယ်။

နွေဦး