အဘက်ဘက်က တိုးတက်မှုများရရှိစေမည့် ကိုရီးယားနှစ်နိုင်ငံကြား ပြန်ဖွင့်လိုက်သော အရေးပေါ်ဆက်သွယ်ရေးလိုင်း

အဘက်ဘက်က တိုးတက်မှုများရရှိစေမည့် ကိုရီးယားနှစ်နိုင်ငံကြား ပြန်ဖွင့်လိုက်သော အရေးပေါ်ဆက်သွယ်ရေးလိုင်း

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ကြားတွင် ဆက်ဆံရေးတင်းမာလာမှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက ပိတ်လိုက်သည့် နှစ်နိုင်ငံကြားအရေးပေါ်ဆက်သွယ်ရေးလိုင်းကို     နှစ်နိုင်ငံအစိုးရများက  ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ကို တွေ့ရသည်။

အဆိုပါ ဆက်သွယ်ရေးလိုင်းသည် နှစ်နိုင်ငံကြားအရေးပေါ် ဆက်သွယ်ရန် တည်ထောင် ထားခြင်းဖြစ်သည်။ သို့သော် တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များကို  နှစ်နိုင်ငံနယ်စပ်တစ် လျှောက်တွင် ဖြန့်ဝေသည်ဟု မြောက်ကိုရီးယားကပြောပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇွန်လမှစ၍   ထိုဆက်သွယ်ရေးလိုင်းကို ပိတ်လိုက်ရခြင်းဖြစ်သည်။

ယခုအခါ ဇူလိုင် ၂၇ ရက်တွင် ဒေသ စံတော်ချိန်နံနက် ၁၀ နာရီတွင် နှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ အရေးပေါ်ဆက်သွယ်ရေးလိုင်း ပြန်လည်ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံခေါင်း ဆောင်များက စာများအပြန်အလှန်ရေးသား ပေးပို့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးတက်လာခြင်းကိုပြသသည့် လက္ခဏာရပ်တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တို့သည် ယခုနှစ်ဧပြီလမှစ၍ စာများဖြင့် အပြန်အလှန်ဆက်သွယ်ကြပြီးနောက်  အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပြန်လည်ဖွင့်လှစ်ရန်သဘောတူခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ အရေးပေါ်ဆက်သွယ်ရေးလိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့်ရလဒ်များကို ထွက်ပေါ်လာစေသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။ ထို့ပြင် မွန်ဂျေးအင်နှင့်ကင်ဂျုံအွန်တို့ သည် နှစ်နိုင်ငံကြားရှိ အပြန်အလှန်ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်စေရန် လုပ်ဆောင်မည့် အလားအလာရှိသည်။

နှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေး လိုင်းကိုပိတ်လိုက်ရသည့် အခြေအနေကို ပြန်လည်သုံးသပ်ရလျှင် မြောက်ကိုရီးယားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက  လက်ကမ်းစာစောင်များကို  နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ဖြန့်ဝေကြဲချခြင်းကို တောင်ကို ရီးယားအစိုးရအနေဖြင့် တားဆီးနိုင်ခြင်းမရှိဟု မြောက်ကိုရီးယားကတုံ့ပြန်ပြောဆို သည့်အပြင် နှစ်နိုင်ငံကြားဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးကိုပါ ဖောက်ခွဲဖျက်ဆီးလိုက် သည်ကိုတွေ့ရမည်ဖြစ်သည်။

ယင်းနောက်တွင် တောင်ကိုရီးယားအစိုးရ အဖွဲ့က အရေးပေါ်လုံခြုံရေးအစည်းအဝေး ကိုကျင်းပပြီး အခြေအနေပိုမိုဆိုးရွားလာ မည်ဆိုပါက မြောက်ကိုရီးယားကို ပြင်းထန် စွာတုံ့ပြန်မည်ဟု တောင်ကိုရီးယားက သတိပေးချက် ထုတ်ပြန်လိုက်သည်အထိ ဆက်ဆံ ရေးတင်းမာလာရသည်မှာ အထင်အရှား ပင်ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံသည် ၎င်းတို့ကြား ဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်  ငြိမ်းချမ်းရေး သဘောတူညီချက်ကိုချမှတ်  နိုင်ခြင်းမရှိသေးဘဲ ယာယီစစ်ပြေငြိမ်းရေး သဘောတူညီချက်ဖြင့်သာ စစ်ပွဲကိုရပ်ဆိုင်း ထားခြင်းဖြစ်သောကြောင့် အစစအရာရာ မသေချာမရေရာသည့်အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် တောင်ကိုရီးယားအစိုးရအနေဖြင့် နျူကလီးယားလက်နက်ပိုင်နိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများလျော့ကျလာ စေရန် မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို နိုင်ငံ အတွင်း၌   တားမြစ်လိုက်သည်ကိုလည်း တွေ့ရသည်။

တောင်ကိုရီးယားအစိုးရ၏   အဓိကရည်ရွယ်ချက်မှာ မြောက်ကိုရီးယားအစိုးရ အနေဖြင့်   ကျေနပ်နှစ်သိမ့်မှုရရှိစေရန် ချွေးသိပ်ပေးခြင်းဖြစ်သည်။ သို့သော် တက်ကြွလှုပ်ရှား သူများက တောင်ကိုရီးယားအစိုးရ၏ တားမြစ်ချက်များကို  ဆက်လက်ဖောက်ဖျက် လျက်ရှိသောကြောင့် မြောက်ကိုရီးယားအစိုးရဘက်မှ အပြစ်တင်ဝေဖန်မှုများ ပိုမို ထွက်ပေါ်လာခဲ့ရသည်။

နှစ်နိုင်ငံနယ်စပ်တွင် မြောက်ကိုရီးယား ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ကြဲ နေခြင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား အစိုးရအနေဖြင့် နောက်ဆက်တွဲဆိုးကျိုး များနှင့်ရင်ဆိုင်ရမည်ဟု    အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျောင်ကသတိပေးခဲ့ရသည်။

ကင်ယိုဂျောင်သည် ကင်ဂျုံအွန်၏ အယုံကြည်ရဆုံးနှင့် အားအထားရဆုံးဖြစ်သည့်အပြင် ကိုရီးယားအလုပ်သမားများပါတီ၏ အရေးပါသော ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ကင်ယိုဂျောင်သည် ကင်ဂျုံအွန် ကွယ်လွန်သွား၍ဖြစ်စေ၊ နိုင်ငံကိုဆက်လက် အုပ်ချုပ်နိုင်ခြင်းမရှိတော့၍ဖြစ်စေ ထိုကဲ့သို့ သောအခြေအနေမျိုးတွင် နိုင်ငံ့ခေါင်းဆောင် နေရာကိုဆက်ခံမည့် အလားအလာအရှိဆုံး သူတစ်ဦးဖြစ်သည်ဟူသော သုံးသပ်ချက် များလည်းထွက်ပေါ်နေသည်။

ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် သိသိသာသာတိုးတက် ကောင်းမွန်လာမှုသည် မွန်ဂျေးအင်နှင့် ကင်ဂျုံအွန် တို့ကြား ထိပ်သီးဆွေးနွေးပွဲများ ကျင်းပနိုင်သည်အထိပင်ဖြစ်သည်။

သို့သော် တောင်ကိုရီးယားနှင့် ၎င်း၏အဓိက မဟာမိတ်နိုင်ငံကြီးဖြစ်သည့် အမေရိကန် ပြည်ထောင်စုတို့က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်စွန့်လွှတ်ရေးကိုသာ ထပ်တလဲလဲ တောင်းဆိုလာခြင်းကြောင့် ကိုရီးယားနှစ်နိုင်ငံ၏ဆက်ဆံရေးမှာ   လိပ်ခဲ တည်းလည်း အခြေအနေသို့  ပြန်လည်ရောက်ရှိသွားရခြင်းဖြစ်သည်။

ယခုအခါ   ကိုရီးယားနှစ်နိုင်ငံကြား တစ်နှစ်ကျော်ကြာပိတ်ထားရသည့် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပြန်ဖွင့်နိုင်ခြင်းသည် အဆိုပါနှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည် တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်မည့် ပထမခြေလှမ်းဖြစ်သည်ဟု သုံးသပ်သူ အချို့က ဆိုထားသည်။

နှစ်နိုင်ငံတပ်ဖွဲ့များကြား မလိုလားအပ်သည့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားရာတွင် အဆိုပါ အရေးပေါ်ဆက်သွယ်ရေးလိုင်းသည် နိုင်ငံအတွက် အလွန်အရေးပါသည်ဟု တောင်ကိုရီးယားအစိုးရက ယူဆထားသည်။

ထို့ပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးတိုးတက်လာခြင်းကို အမေရိကန်အစိုးရကလည်း ထောက်ခံထားသည်။ ထို့ကြောင့် အိမ်နီးချင်းနှစ်နိုင်ငံ ကြားတွင် အရေးပါသည့် အရေးပေါ်ဆက်သွယ်ရေးလိုင်းကို   ပြန်လည်ဖွင့်လှစ်နိုင်ခြင်း သည်  နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်မှုနှင့် နိုင်ငံ့ခေါင်းဆောင်များ၏   ထိပ်သီးဆွေးနွေး ပွဲများ    ပြန်လည်ကျင်းပနိုင်မှုအပြင်  အဘက်ဘက်က တိုးတက်မှုများရရှိစေရေးအတွက် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည် ဟုဆိုနိုင်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Ref: NY Times, Sputnik