အမေရိကန်နိုင်ငံရှိ ပြည်နယ်ရှစ်ခု၌ ကူးစက်မြန်ပြင်းထန် ဗီဇပြောင်းဗိုင်းရပ် ကူးစက်ပျံ့နှံ့နေ

 

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံရှိ ပြည်နယ်ရှစ်ခု၌ ကူးစက်မြန်ပြင်းထန်ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက် ပျံ့နှံ့နေကြောင်း သိရသည်။

ထိုဗီဇပြောင်းဗိုင်းရပ်သည် ၂၀၂၀ ပြည့် နှစ်အကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံ၌  စတင်တွေ့ရှိသော B117 အမျိုးအစား နိုဗယ်ကိုရိုနာဗိုင်းရပ်ဖြစ်ပြီး  မူလဗိုင်းရပ်ထက် ၄၀ ရာခိုင်နှုန်းမှ  ၇၀  ရာခိုင်နှုန်းအထိ  ကူးစက်မြန်သည်။

အမေရိကန်နိုင်ငံ၌ ထိုဗီဇပြောင်းဗိုင်းရပ်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပထမဆုံးတွေ့ရှိပြီး ယခုအခါ ပြည်နယ်ကြီး  ရှစ်ခုတွင် ပျံ့နှံ့နေပြီဖြစ်ကြောင်းနှင့် ကယ်လီဖိုးနီးယားနှင့်   ဖလော်ရီဒါပြည်နယ်တို့မှာ  အဆိုးဆုံးဖြစ်ကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဗီဇပြောင်းဗိုင်းရပ်ကို   ကော်လိုရာဒို၊ တက္ကဆက်၊ နယူးယောက်၊ ဂျော်ဂျီယာ၊ ကွန်နက်တီကက်နှင့် ပန်ဆယ်ဗေးနီးယား ပြည်နယ်တို့၌တွေ့ရှိခြင်းဖြစ်ပြီး ရောဂါ ကူးစက်ခံထားရသူ ၆၃ ဦးရှိကြောင်း သိရ သည်။ ထို့ပြင် အဆိုပါဗီဇပြောင်းဗိုင်းရပ်သည် အမေရိကန်နိုင်ငံ၌ စစ်ဆေးတွေ့ရှိထား သည်ထက် ပိုမိုပျံ့နှံ့ထားနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကူးစက်ရောဂါ ကျွမ်းကျင် ပညာရှင်အန်တိုနီဖောင်ချီက Newsweek သတင်းဌာနသို့ပြောသည်။

B117 ဗီဇပြောင်းဗိုင်းရပ်နှင့် B1351 ဟုခေါ်တွင်သော တောင်အာဖရိက၌ပျံ့နှံ့ နေသည့်ဗီဇပြောင်း ဗိုင်းရပ်တို့၏ပျံ့နှံ့မှုက အမေရိကန်နိုင်ငံ၌     ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထွက်ပေါ်လာနိုင် ကြောင်း တာဝန်ရှိသူများက စိုးရိမ်နေသည်။

သုတေသီများသည် ဗီဇပြောင်းဗိုင်းရပ် စတင်တွေ့ရှိစဉ်ကတည်းက နိုဝင်ဘာလ နှင့်ဒီဇင်ဘာလတို့တွင် နမူနာ ၅၇၀၀ ကို စုစည်း၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ကြောင်း   ကျန်းမာရေးဌာနမှပြောရေး ဆိုခွင့်ရှိသူ ဂျက်ဆန်မက္ကာဒိုနယ်က CNBC သတင်းဌာနသို့ပြောကြောင်းသိရသည်။

Ref: TST