အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ယခုထက်ပိုဆိုးဖွယ်သာရှိ

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ယခုထက်ပိုဆိုးဖွယ်သာရှိ

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ယခုထက်ပိုမိုဆိုးဝါး လာဖွယ်သာ ရှိကြောင်း ကူးစက်ရောဂါ ဆိုင်ရာကျွမ်းကျင်ပညာရှင်  ဒေါက်တာ အန်သိုနီဖောင်ချီက ပြောသည်။

နိုင်ငံအတွင်း   ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာစဉ် အန်သိုနီဖောင်ချီက ယခု ကဲ့သို့သတိပေးခြင်း ဖြစ်သည်။

လက်ရှိနိုင်ငံအတွင်းကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါပိုးများအနက် ဒယ်တာ ဗီဇပြောင်းရောဂါပိုးက ၈၀ ရာခိုင်နှုန်းရှိသည့်အတွက် ကာကွယ်ဆေးများကိုထိုးရန်လည်း ၎င်းင်းကတိုက်တွန်းထားသည်။

ပြီးခဲ့သည့်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်ကို ပြန်ကြည့်ပါက အဆမတန် မြင့်တက်လာသည်ကိုမြင်ရမည်ဖြစ်ကြောင်း၊ လူများအနေဖြင့် အမှန်တကယ် လုပ်ဆောင်ရမည့်အရာကိုလည်း သိရှိပြီးဖြစ်ကြောင်း၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခွင့်ရှိသော်လည်း ကာကွယ်ဆေးမထိုးထားသူ သန်း ၁၀၀ ရှိကြောင်းနှင့် လက်ရှိအနေအထားသည် ကာကွယ်ဆေးမထိုးမှု အရေအတွက်မြင့်တက်လာခြင်းကို ထိုင်ကြည့်နေရသကဲ့သို့ဖြစ်ကြောင်း အန်သိုနီဖောင်ချီက ABC သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်း သည်သာ အရေးအကြီးဆုံးသော မဟာဗျူဟာဖြစ်ကြောင်းနှင့် ရောဂါကူးစက်ခံရ သည့်တိုင် ကာကွယ်ဆေးထိုးထားသူများက ရောဂါပြင်းထန်မှုမရှိသည်ကိုတွေ့ရကြောင်း ၎င်းင်းကဆိုသည်။

အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန၏ ဌာနတွင်းအစီရင်ခံစာတစ်ခုတွင် ဒယ်တာဗီဇပြောင်းရောဂါပိုးသည် ယခင်ဗီဇပြောင်းရောဂါပိုးများထက်  ပိုမိုပြင်းထန် ကြောင်း ဖော်ပြချက်ထွက်ပေါ်လာပြီးနောက် ဖောင်ချီက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ဒယ်တာဗီဇပြောင်းရောဂါပိုးသည် ရေကျောက်ရောဂါကဲ့သို့ ကူးစက်မှုပြင်းထန်ကြောင်းနှင့် သာမန်အအေးမိ သို့မဟုတ် ရာသီတုပ်ကွေးထက် ကူးစက်မှုပိုမိုပြင်းထန်ကြောင်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန၏အစီရင်ခံစာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့ကြောင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးပြီးသူများ အနေဖြင့်လည်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ဇွန်လနှောင်းပိုင်းမှစ၍ ပြန်လည် မြင့်တက် လာခြင်းဖြစ်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက် အရသိရသည်။

Ref: Sputnik