အမေရိကန်၌ ကလေးများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်နွှယ်သည့် ဆိုးဝါးသောနောက်ဆက်တွဲအခြေအနေများ ဖြစ်လာနိုင်ဖွယ်ရှိ ဟုဆို

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ၌ ကလေးများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်နွှယ်သည့် ဆိုးဝါးသောနောက်ဆက်တွဲအခြေအနေများ ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း ကလေးအထူးကု ဆရာဝန်များက ခန့်မှန်းထားသည်။

အဆိုပါ အခြေအနေများသည် ကလေးများတွင်ဖြစ်ပွားတတ်သော ကိုယ်တွင်းအင်္ဂါရောင်ရမ်းသည့် ရောဂါများဖြစ်ကြောင်းနှင့် ထိုသို့သော ရောဂါများကို ကိုရိုနာရောဂါပိုးနှင့် ထိတွေ့ဖူးသည့်ကလေးများတွင် တွေ့ရလေ့ရှိကြောင်း   ဆရာဝန်များက ပြောသည်။

ကလေးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ မပြသသည့်တိုင်အောင် ရောဂါပိုးကူးစက်မှုကို ပြင်းထန်စွာခံစားရပြီး အထူးကြပ်မတ်ကုသဆောင်တွင် သီတင်းပတ်များစွာကြာနေပြီး ကုသမှုခံယူရလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်တွင်တွေ့ရသော အဆိုပါရောဂါသည် ကလေးများ၏နှလုံးများကိုသာမက အစာခြေစနစ်များ၊ အာရုံကြောနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာစနစ်များကိုပါ အကြီးအကျယ်ပျက်စီးစေသည်။

အဆိုပါရောဂါဖြစ်ပွားရခြင်းသည် ကလေးများ၏ကိုယ်ခံအားက   ကိုဗစ်-၁၉ ရောဂါပိုးကိုအလွန်အကျွံတိုက်ထုတ်ခြင်းကြောင့်ဖြစ်ပြီး  ကျန်ရှိသည့်ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများနှင့် သွေးကြောများကိုပါ  ထိခိုက်ပျက်စီးစေသည်။

ထိုရောဂါဖြစ်ပွားသည့် ကလေးအများစုမှာ အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော အန်ခြင်းနှင့် ဝမ်းသွားခြင်း တို့ဖြင့်စတင်လေ့ရှိပြီး အစောပိုင်းရောဂါလက္ခဏာများတွင် မျက်စိများနီခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်းနှင့် ခန္ဓာကိုယ်တွင် အနီစက်များ ထွက်ခြင်းတို့ပါဝင်သည်။

ဇူလိုင်လပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုလပထမပတ်တွင်  ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး  ကူးစက်ခံရသည့် ကလေး ငယ်အရေအတွက်မှာ ငါးဆနီးပါးပိုများပြီး ၉၄၀၀၀၀ ခန့်ရှိလာသည့်အတွက် ကလေးများတွင် ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှုရောဂါများ ပိုမိုဖြစ်ပွားလာမည့် အခြေအနေရှိနေခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၌ ရောဂါပိုးကူးစက်မှုအမြင့်မားဆုံးဖြစ်သည့် ဆောင်းရာသီတွင် တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ကလေးငယ် ၂၁၇ ဦးသာရှိရာမှ ယခုအခါ တစ်ရက်လျှင် ၂၄၆ ဦးအထိမြင့်တက်လာသည်ကိုတွေ့ရသည်။

လက်ရှိအခြေအနေများကို အခြေခံပြီးသုံးသပ်ရမည်ဆိုပါက နိုင်ငံအတွင်းကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကလေးငယ်သန်း ပေါင်းများစွာရှိလာနိုင်ကြောင်းနှင့် ထို့အတွက် ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှု ရောဂါများခံစားရသည့် ကလေးငယ်အရေ အတွက်မြင့် တက်လာနိုင်ကြောင်း တောင်ကာရိုလိုင်းနားပြည်နယ် ကလေးကျန်းမာရေးဆေးတက္ကသိုလ်မှ ကလေးကူးစက်ရောဂါပညာရှင် ဒေါက်တာ အယ်လီဆန်အက်ကာ့ ကပြောသည်။

Ref: TST