အမေရိကန်၌ ကာကွယ်ဆေးထိုးပြီးသူ လူနှစ်သန်းလျှင် ၆၀ ခန့်မှာ ယာယီ နှလုံးရောဂါဖြစ်ပွား

အမေရိကန်၌ ကာကွယ်ဆေးထိုးပြီးသူ လူနှစ်သန်းလျှင် ၆၀ ခန့်မှာ ယာယီ နှလုံးရောဂါဖြစ်ပွား

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ လူနှစ်သန်းလျှင် ၆၀ ခန့်မှာ ယာယီနှလုံးရောဂါဖြစ်ပွားကြောင်း သြဂုတ် ၄ ရက်ထုတ် သုတေသန တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါနောက်ဆက်တွဲဆိုးကျိုးများမှာ ရေရှည်ဖြစ်ပွားခြင်းမဟုတ်ဘဲ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူလူနာများတွင် တွေ့ရခြင်းဖြစ်ကြောင်း သုတေသီများကပြောသည်။

သုတေသနပညာရှင်များသည် ယခုနှစ်မေလအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်လုံးထိုးထားပြီးသူ နှစ်သန်းကျော်ခန့်၏ ဆေးမှတ်တမ်းများကို လေ့လာမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လေ့လာရာတွင် နှလုံးကြွက်သား ရောင်ရမ်းနာဖြစ်ပွားသူ အယောက် ၂၀ နှင့် နှလုံးကာအမြှေး ရောင်ရမ်းနာဖြစ်ပွားသူ ၃၇ ဦးရှိသည်ကိုတွေ့ရသည်။

ယင်းကဲ့သို့ နှလုံးရောဂါများရရှိပြီးနောက် ဆေးရုံတက်ရောက် ကုသမှုခံယူရသူများ အားလုံးသည် မကြာမီရက်ပိုင်းအတွင်း ဆေးရုံမှဆင်းသွားရပြီး သေဆုံးသူမရှိကြောင်း သုတေသီများ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

ထို့ကြောင့် နှလုံးကြွက်သားရောင်ရမ်းနာ ဖြစ်ပွားသူအရေအတွက်သည် လူတစ်သန်းလျှင် ၁၀ ဦးရှိသည့်အတွက်   ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ယခင်ခန့်မှန်းချက်ဖြစ်သော လူတစ်သန်းလျှင် ၄ ဒသမ ၈ ဦးထက် များစွာမြင့်မားနေသည်ကိုတွေ့ရသည်။

ထိုသို့ နှလုံးကြွက်သားရောင်ရမ်းနာ ဖြစ်ပွားခြင်းသည် ကာကွယ်ဆေးဒုတိယ တစ်လုံးထိုးပြီးနောက် သုံးရက်ခွဲအကြာတွင် ဖြစ်ပွားသည်ကို တွေ့ရသည်။

နှလုံးကြွက်သားရောင်ရမ်းနာဖြစ်ပွားသူ အများစုမှာ အသက် ၃၆ နှစ်ဝန်းကျင်ရှိသူ များဖြစ်သည့်အပြင်    သုံးပုံတစ်ပုံမှာ အမျိုးသားများဖြစ်သည်ကိုလည်း  တွေ့ရသည်။

နှလုံးကာအမြှေးရောင်ရမ်းနာဖြစ်ပွားသူ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး အသက် ၅၉ နှစ်အထက်များဖြစ်ကာ ကာကွယ်ဆေးထိုးပြီးနောက် ရက် ၂၀ ခန့်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အလားတူ နှလုံးကာအမြှေးရောင်ရမ်းနာဖြစ်ပွားသူများမှာ အမျိုးသားအများစုဖြစ်သည်ကိုလည်းတွေ့ရသည်။

အမေရိကန်နိုင်ငံ၌ ထိုးပေးနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများမှာ ဖိုင်ဇာ-ဘိုင်အိုအန်တက်၊    မိုဒါနာနှင့် ဂျွန်ဆင်အန်ဂျွန်ဆင်တို့ဖြစ်ကြောင်း သိရသည်။

Ref: NY Times