အမေရိကန်၌ ကာကွယ်ဆေးသတင်းအမှားများကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သုံးဆမြင့်တက်လာ

အမေရိကန်၌ ကာကွယ်ဆေးသတင်းအမှားများကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သုံးဆမြင့်တက်လာ

 

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ၌ ကာကွယ်ဆေးနှင့်ပတ်သက်သည့်သတင်းအမှားများကြောင့် ပြီးခဲ့သည့်  သီတင်းပတ်နှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်သုံးဆမြင့်တက်လာကြောင်းသိရသည်။ထိုကဲ့သို့ရောဂါဖြစ်ပွားသူအရေအတွက် သုံးဆမြင့်တက်လာသောကြောင့်  ဆေးရုံများနှင့်ကျန်းမာရေးဝန်ထမ်းများအပေါ်ဝန်ပိလာကြောင်း   ဖလော်ရီဒါပြည်နယ်ရှိဆေးရုံမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများပြန်လည်မြင့်တက်လာမှုသည်   ကာကွယ်ဆေးမရရှိမီ  အစောပိုင်းတွင်ဖြစ်ပွားသော အခြေအနေများနှင့်ဆင်တူကြောင်းနှင့် ပြည်သူများအနေဖြင့်   ကာကွယ်ဆေးထိုး၍ကာကွယ်နိုင်သော်လည်း ထိုသို့ကာကွယ်မှုကိုမယူကြကြောင်း  ကူးစက်ရောဂါတားဆီးရေးညွှန်ကြားရေးမှူး    ချတ်နေးဆန်းက ပြောသည်။အမေရိကန်နိုင်ငံတစ်ဝန်း၌ ဇူလိုင် ၆ရက်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပျမ်းမျှအရေအတွက် ၁၃၇၀၀ သာရှိခဲ့ရာမှ   ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း   တစ်ရက်လျှင် ရောဂါဖြစ်ပွားသူပျမ်းမျှအရေအတွက် ၃၇၀၀၀ ကျော်အထိမြင့်တက်လာသည်ဟု    ဂျွန်ဟော့ကင်းတက္ကသိုလ်၏ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။
ထိုသို့ရောဂါကူးစက်မှုနှုန်းမြင့်တက်လာရခြင်းမှာ  ကူးစက်မြန်ပြင်းထန်ဒယ်တာဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဖြစ်သည့်အပြင်   ကာကွယ်ဆေးထိုးနှုန်းနည်းပါးမှုကြောင့်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများကပြောသည်။အမေရိကန်နိုင်ငံတစ်ဝန်း  အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ အရေအတွက်မှာ ၅၆ ဒသမ ၂ ရာခိုင်နှုန်းသာရှိသေးကြောင်း အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်ထားသည်။ထို့ပြင် ယခုဖြစ်ပွားသည့်ရောဂါကူးစက်ခံရသူများသည် ကာကွယ်ဆေးမထိုးရသေးသူများနှင့်ဆက်စပ်နေကြောင်း၊ အများစုမှာ လူငယ်များဖြစ်ကြောင်း တက္ကဆက်ပြည်နယ်မှဆရာဝန်တစ်ဦးကပြောသည်။

ယခုအခါ  အစိုးရတာဝန်ရှိသူများက ဒေသအချို့ရှိ ပြည်သူများအပေါ်လွှမ်းမိုးမှုရှိသော   ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှ   သင်းအုပ်ဆရာများကိုအကူအညီတောင်းပြီး   ဘုရားရှိခိုးကျောင်းသို့လာသူများကို ကာကွယ်ဆေးထိုးမှုခံယူရန်တိုက်တွန်းခိုင်းထားသည်။