အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ၁ဝ၇ စက္ကန့်တိုင်းတွင် လူတစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်    သေဆုံးသူ စုစုပေါင်း ၂၃၄၂၆၂ ဦးအထိ ရှိလာသည့်အတွက် ၁ဝ၇ စက္ကန့်တိုင်းတွင်   လူတစ်ဦး သေဆုံးနေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားသည်။

ထိုနိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်အထိ တစ်ရက်အတွင်း သေဆုံးသူ အရေအတွက်မှာ ၁ဝ၂၁ ဦးရှိပြီး ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၉၁၂၉၅ ဦးရှိကြောင်း သိရသည်။

အဆိုပါတစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ အရေအတွက်သည် အမေရိကန်နိုင်ငံအတွက်   အမြင့်ဆုံး ပမာဏအဖြစ်စံချိန် တင်ကာ ပြီးခဲ့သည့် စံချိန်တင် ပမာဏမှာ ၈၈၉၇၃ ဦးဖြစ်သည်။

ယခုအခါ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူစုစုပေါင်း ကိုးသန်းကျော် ရှိလာပြီဖြစ်ပြီး အောက်တိုဘာ လလယ်မှစ၍ နိုင်ငံအတွင်း   ရောဂါဖြစ်ပွားသူ အရေအတွက် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် မကြာမီကာလအတွင်း ဆောင်းရာသီ ရောက်ရှိလာမည်ဖြစ်သည့်အတွက် အမေရိကတိုက်သည် အလွန်အရေးကြီးသည့် လမ်းဆုံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပါမောက္ခ မယ်လီဆာနိုလန်ကပြောသည်။

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်သည် အေးမြသော ရာသီဥတုတွင်   ပိုမိုရှင်သန်နိုင်စွမ်း ရှိသည့်အတွက် ထိုရောဂါကူးစက်မှုနှင့် ပတ်သက်၍ ပညာရှင်များက  စိုးရိမ်တကြီး သတိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။