အမေရိကန်၏ယုတ္တိမတန်သောဖိနှိပ်မှုများကို တရုတ်ကပြတ်ပြတ်သားသားကန့်ကွက်

အမေရိကန်၏ယုတ္တိမတန်သောဖိနှိပ်မှုများကို တရုတ်ကပြတ်ပြတ်သားသားကန့်ကွက်

ပေကျင်း၊ နိုင်ငံရေး

တရုတ်နိုင်ငံအပေါ်လုပ်ဆောင်နေသည့် အမေရိကန်အစိုးရ၏ ယုတ္တိမတန်သော ဖိနှိပ်မှုများကို တရုတ်အစိုးရက ပြတ်ပြတ် သားသားကန့်ကွက်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရက တရုတ်စီးပွားရေး လုပ်ငန်း ၂၃ ခုအနေဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ တရုတ်စစ်ဘက်နှင့် ဆက်ဆံမှုများရှိနေသည်ဟုဆိုကာ စီးပွားရေးအမည်ပျက်စာရင်း သွင်းလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တရုတ်စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်းခြင်းသည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေး ဥပဒေကိုချိုးဖောက်ကာ ယုတ္တိမရှိသော ဖိနှိပ်မှုဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ တရားဥပဒေနှင့်အညီဖြစ်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူကပြောသည်။

အမေရိကန်အစိုးရအနေဖြင့် ဇူလိုင် ၉ ရက်မှစ၍ တရုတ်စီးပွားရေးလုပ်ငန်း ၁၄ ခုကို အမည်ပျက် စာရင်းသွင်းလိုက် ခြင်းဖြစ်သည်။ အဆိုပါစီးပွားရေးလုပ်ငန်းများသည် ရှင်းကျန်းဝီဂါဒေသရှိ မူဆလင် လူနည်းစုများအပေါ် တရုတ်အစိုးရက ကျူးလွန်နေသော  လူ့အခွင့်အရေး   ချိုးဖောက်မှုများနှင့်  အလွဲသုံးစား လုပ်မှုများတွင် ကူညီပေးနေကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဌာနကစွပ်စွဲ ထားသည်။ သို့သော် အဆိုပါ  စွပ်စွဲချက်များအားလုံးကို တရုတ်အစိုးရကငြင်းဆိုထားသည်။

အလားတူ အမေရိကန်အစိုးရသည် တရုတ်တပ်မတော်၏စစ်လက်နက်ပစ္စည်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အထူးသဖြင့် လေဆာလက်နက်များနှင့် တိုက်ပွဲဝင် စီမံခန့်ခွဲရေးစနစ်များအတွက် တိုက်ရိုက် ထောက်ပံ့ပေးနေသော နောက်ထပ်စီးပွားရေး လုပ်ငန်းငါးခုကို အမည်ပျက်စာရင်းသွင်းသည်။

ထို့ပြင် အမေရိကန်၏အရေးယူပိတ်ဆို့ ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်းများသို့ ကုန်ပစ္စည်းများ ပေးပို့ခြင်းနှင့် ထိုသို့ပေးပို့ရန်ကြိုးပမ်းသော စီးပွားရေးလုပ်ငန်းလေးခု ကိုလည်း အမည်ပျက်စာရင်း သွင်းသည်။

ထိုသို့အမည်ပျက်စာရင်းသွင်းခံရသော စီးပွားရေးလုပ်ငန်းများ အနက်တစ်ခုဖြစ်သည့် ဝူဟန်ရေးကပ် ဖိုင်ဘာလေဆာ နည်းပညာကုမ္ပဏီက ၎င်းတို့ကိုအမေရိကန်က  အမည်ပျက်စာရင်းသွင်းခြင်းသည် ၎င်းတို့လုပ်ဆောင်နေသည့် သုတေသနလုပ်ငန်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းအပေါ် သိသိသာသာ အကျိုးသက်ရောက်စေမည်မဟုတ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် ပြောသည်ဟုသိရသည်။

Ref: TST