အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများပေးအပ်

နေပြည်တော် ဇွန်  ၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ   ဗိုလ်မှူးကြီးကျော်ကျော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၄ဝ စုအတွက် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ  ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။