အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၁

          အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စားရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

          ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘဏ္ဍာရေးနှစ်ကာလပြောင်းလဲခဲ့ပြီး ကြားကာလ ၆ လ စီမံကိန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတို့ကို ရေးဆွဲအကောင် အထည်ဖော်ခဲ့ပါကြောင်း၊ ယခုလက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာရေးနှစ်တစ်နှစ်အပြည့် ဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ပါကြောင်း။

          ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စီးပွားရေးတိုးတက်မှုနှုန်း အနုတ်  ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း ခဲ့ရာမှ ကြားကာလ ၆ လ စီမံကိန်း အကောင်အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းပထမ ၆ လ အကောင်အထည်ဖော်မှုတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရရှိလာသည်ကို တွေ့ရပါကြောင်း၊ ယခုဘဏ္ဍာ ရေးနှစ်ကုန်တွင် ယာယီခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိလာနိုင်သည်ဟုသက်ဆိုင်ရာဌာနများက ခန့်မှန်းထားပါကြောင်း။

          နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း ထုတ်လုပ်မှု လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုတိုးတက်မှ စားရေရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သွင်းကုန်လျှော့ချနိုင်ပြီး ပို့ကုန် တင်ပို့မှုလည်း တိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည့် အတွက် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် တိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။

          ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တွင် သမားရိုးကျဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစုများ ကို ထိရောက်စွာအသုံးပြုပြီး အထွက်တိုးအောင်ကြိုးစားကြရန်နှင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဒေသ အလိုက် အလားအလာကောင်းသည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြင့်ထွက်ကုန် ပစ္စည်းများထုတ်လုပ်နိုင်ရေး၊မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက် နှုန်းပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

          မိမိတို့နိုင်ငံ၌ မြို့ပြနေလူဦးရေ ၃၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ လူအများစုနေထိုင်ကြသည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုး တက်လာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြနှင့် ကျေးလက်ကွာဟချက်များ လျော့ကျလာနိုင်မည်ဖြစ်သည့်အပြင် တစ်ပြေးညီဖွံ့ဖြိုး တိုးတက်မှုများ ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နေရာဒေသမရွေး တစ်ဦးတစ်ယောက်မှ နောက်ကျမကျန်စေရေး အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

          ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အဓိကအထောက်အကူဖြစ်စေည့် နေကြာ စိုက်ပျိုးမှုကို ရည်မှန်းချက်အတိုင်း အောင်မြင်စေရေးကို ဆက်လက်ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ မိုးနှင့်ဆောင်းနေကြာစိုက်ပျိုးမှုများမှ အခက်အခဲနှင့် အတွေ့အကြုံများ ကို သင်ခန်းစာရယူပြီး ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက် ရေးကို ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးကို တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

          စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ချိန်အတိုင်း ပြီးပြတ် အောင်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးကို အားလုံးက အထူးအလေးထားပြီး ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း၊ အထူးသဖြင့်အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးပြီးစီးမှသာ လျှပ်စစ်လိုအပ်ချက် ကို အချိန်မီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုများကိုလည်း သတ်မှတ်ချိန်အတိုင်းပြီးမြောက်အောင်  ကြိုးပမ်းဆောင်ရွက် သွားကြရန်လို အပ်ပါကြောင်း။

          ပြည်ပမှ မှာယူတင်သွင်းနေရသည့် သံ၊ သံမဏိ၊ ဓါတ်မြေဩဇာစသည့် ကုန်စည် များကိုပြည်တွင်း၌ ရှိသည့်စက်ရုံများက ရည်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်သည် အထိထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ပကြောင်း၊ စက်ရုံ၊ အလုပ်ရုံ များက ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဝန်ဆောင်မှု အရည်အသွေး ပြည့်မီစေရေးကိုလည်း အကောင်အထည်ဖော်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးသည့်အတွက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုများ တိုးတက်ရေးအ တွက် အားပေးကူညီရမည်ဖြစ်ပါကြောင်း။

          နိုင်ငံတော်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်အတွက် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နည်းလမ်းမျိုးစုံနှင့်ဖိတ်ခေါ်ပြီး ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများက ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း။

          ကောင်းမွန်သည့် အခြေခံအဆောက်အအုံများရှိမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသတစ်ခုနှင့်တစ်ခုကြား ဆက်သွယ်မှု လွယ်ကူမြန်ဆန်ပြီး ဒေသတွင်းနှင့်ဒေသများကြား ကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်သည့်အတွက်စီးပွားရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးကိုဦးစားပေးပြီး ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် လိုအပ်ပါကြောင်း။

          အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရေး၊ မျှော်မှန်း သက်တမ်းမြင့်မားရေး၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးနှုန်း ကျဆင်းရေး၊ ကူးစက်ရောဂါနှင့် ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများကြောင့် သေဆုံးမှု များ လျှော့ချနိုင်ရေးကို ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ လူတိုင်းကျန်းမာရေး အသိ တိုးမြင့်လာပြီး ကျန်းမာသည့် လူနေမှုစနစ်နှင့်အညီ နေထိုင်နိုင်မှသာ ကျန်းမာသန်စွမ်း သည့် လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူတိုင်း ကိုယ်စီအသိနှင့် ဆောင်ရွက်သွားရန် လိုမည်ဖြစ်သကဲ့သို့ ကျန်းမာရေးအသိပညာပေးမှု များလည်း ဆက်လက်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

          ကျန်းမာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ ဆရာမ များ၏ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုများ၊ ကျန်းမာရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် စီမံကိန်းလုပ်ငန်းများကို တိုးမြှင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးထားပြီး ကျန်းမာရေးအသုံးစရိတ်ကို လည်း တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း။

          ကျန်းမာသန်စွမ်းသည့် လူမှုအဖွဲ့အစည်းဖြစ်စေရေးနှင့် နိုင်ငံတော်၏ ဂုဏ်ကို ဆောင်သည့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့အတွက် နှစ်စဉ်ဘဏ္ဍာငွေ တိုးမြှင့် သုံးစွဲပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အဆင့်မီ ဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများ၊ ပြေးလမ်းများ၊ ရေကူးကန်များ တည်ဆောက်ပေး လျက်ရှိပါကြောင်း။

          ပညာရေးကဏ္ဍနှင့်စပ်လျဉ်းပြီး ပညာရည်အဆင့်နိမ့်ကျမှုမရှိ စေရေးနှင့်လူတိုင်း သင်ယူနိုင်မှု အခွင့်အလမ်းများ ရရှိစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်အချိန်မှစပြီး KG + 9 အထိမသင် မနေရပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် KG + 9 နှင့် KG + 12 ကျောင်းဆောင်အသစ်များ တည်ဆောက်ခြင်း၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းဆောင် များ ပြန်လည်ဆောက်လုပ်ခြင်း၊ စာသင်ခန်းများ လုံလောက်စေရန် တိုးချဲ့ဆောက်လုပ် ခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပညာရေး အသုံးစရိတ်များကိုလည်း တိုးမြှင့်ခွင့်ပြု ပေးထားပါကြောင်း။

          ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လိုအပ်သည့်ကျွမ်းကျင် လုပ်သား များ မွေးထုတ်ပေးနိုင်ရန် ယခုအခါ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း (၅၁) ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စာသင်ဆောင်နှင့် လက်တွေ့သင်ကြားရေးဆောင်များ ကိုလည်း တည်ဆောက်ရန် ခွင့်ပြုထားပါကြောင်း၊ လုပ်ငန်းခွင်နှင့်ချိတ်ဆက်သည့် အလုပ်အာမခံ ချက်ရရှိရေးနှင့် ထူးချွန်ထက်မြက်သူများကို သက်ဆိုင်ရာဘာသာရပ်အလိုက် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေးတို့ကို စီစဉ်ပေးထားသည့်အပြင် ပညာသင် ထောက်ပံ့ကြေးများကိုလည်း ခွင့်ပြုပေးထားပါကြောင်း။

          ပညာတက်ရောက်သင်ယူမှုနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှုမှာ တဖြည်းဖြည်း လျော့ကျလာသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်းအရ အသက်အုပ်စု အလိုက် ကျောင်းတက်ရောက်မှုမှာ ၁၄ နှစ် နှင့် ၁၅  နှစ် ကြားအုပ်စုတွင် ၇၆ ရာခိုင် နှုန်း၊ ၁၅ နှစ်နှင့် ၂၄ နှစ်ကြားအုပ်စုတွင် ၃၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၅ နှစ်နှင့်အထက် အုပ်စုတွင် သုညဒသမ ၃ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါအချက်မှာ အနာဂတ်တွင် နိုင်ငံအတွက် ကောင်းမွန်သည့် အလားအလာမဟုတ်သည့်အတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနှုန်း တိုးမြှင့်စေရေးနှင့် ကျောင်းထွက်နှုန်း ကျဆင်းရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ်တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝစေရေးအတွက် ဘဝတစ်သက်တာ ပညာသင်ယူနိုင်မှု အခွင့်အလမ်းကို လူတိုင်းလက်လှမ်းမီ ရရှိခံစားနိုင်ရေး၊ အရေ အတွက်သာမက အရည်အချင်းနှင့်ပြည့်ဝသည့် ပညာရေးစနစ် ဖြစ်စေရေးနှင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ ကိုယ်တိုင်က လေ့လာသင်ယူ လိုစိတ် ပြင်းပြကြရမည်ဖြစ်ပြီး မိဘ၊ ဆရာနှင့်လူမှုအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

          တစ်ကမ္ဘာလုံး၌ ကြုံတွေ့နေရသည့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆိုးရွားသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာပြီး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုများကို အထူးဂရုပြု ဆောင် ရွက်ရမှာဖြစ်ပါကြောင်း၊ သစ်တောနှင့် သစ်ပင်များ အမြဲရှင်သန်စေရေးနှင့် သစ်တောဖုံး လွှမ်းမှုဧရိယာများ တိုးတက်လာစေရေးကို အစဉ်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။

          ကမ္ဘာ့နိုင်ငံများအနေဖြင့် လာမည့်ကာလများတွင် သဘာဝဘေး အန္တရာယ်နှင့်  ရာသီဥတုပြောင်းလဲမှုကြောင့် စွန့်စားရမှု (Risk) ဖြစ်နိုင်ခြေများပြားနိုင်သည်ကို ဖော်ထုတ်ထားခြင်းကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှုနှင့် အဆောက်အအုံများပျက်စီး ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်အစီအမံများကို စနစ်တကျ ရေးဆွဲထား ရမှာဖြစ်ပါကြောင်း၊ ထို့ပြင်သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များကို ကျေးလက်ဒေသရှိ ပြည်သူများထံအချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရေးနှင့် ထိခိုက် လွယ်သည့်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ တိုးမြှင့် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

          ကမ္ဘာ့ ပထဝီနိုင်ငံရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် တစ်ကမ္ဘာလုံးတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ အဆိုပါအချက်နှင့် ဆက်စပ်ပြီး ဖြစ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အတိုးနှုန်းပြောင်းလဲမှုနှင့် နိုင်ငံခြားငွေလဲလှယ် နှုန်း အခြေအနေများကြောင့် ကြွေးမြီမြင့်တက်လာပြီး ပြည်တွင်းသုံးငွေကြေး တန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အကျိုးဆက်များအနေဖြင့် ကမ္ဘာ့နိုင်ငံအချို့ တွင် စားနပ်ရိက္ခာမဖူလုံမှု၊ လောင်စာဆီပြတ်လပ်မှုစသည့် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်ကိုတွေ့ရပါကြောင်း။

          ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို နိုင်ငံတော် ၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်နေခြင်း ဖြစ်ပါ ကြောင်း၊ လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးနှင့် ထိရောက်သည့် စွမ်းအင်သုံးစွဲမှုစနစ် ဖြစ်စေရေးကိုလည်း လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်တင်သွင်းမှုနှင့် သုံးစွဲမှုများကို ရှေ့ပြေးစီမံချက်အနေဖြင့် စတင် အကောင်အထည်ဖော်လျက်ရှိရာ စီမံချက်ရေရှည်တည်တံ့ရေးနှင့် တိုးတက်မှုရရှိစေရေး ကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ သို့မှသာလောင်စာဆီသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကာဗွန်ကင်းစင်သည့် ပတ်ဝန်းကျင်ရောက်ရှိရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ရေး၊ တည်ဆောက် ဆဲလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ အဖြစ်နိုင်ဆုံး အမြန်ပြီးစီး ရေး၊ ဒေသအလိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းများ ကျယ်ပြန့်စွာဆောင်ရွက် မှုတို့နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လျှော့ချရန် ကြိုးစားရမည်ဖြစ်သကဲ့သို့ နေရောင်ခြည်စွမ်းအား၊ လေစွမ်းအားသုံး လျှပ်စစ်စီမံကိန်းများ၊ နည်းပညာမြင့်မား သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးလုပ်ငန်းများ၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

          အဆိုပါလုပ်ငန်းစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အမြဲ စောင့်ကြည့်သုံးသပ်ပြီး စီမံကိန်းရည်မှန်းထားသည့်အတိုင်း ပြီးစီးမှု၊ ဘဏ္ဍာငွေသုံးစွဲမှု တို့ကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းကြောင့်ရရှိသည့် အကျိုးရ လဒ်များကို ပြည်သူများအမြန်ဆုံးရရှိခံစားနိုင်စေရေးကို အလေးထား ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

          နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် မိမိတို့ အစိုးရအနေ ဖြင့် တာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများကို အောင်မြင်အောင် လက်တွေ့အလုပ် နှင့်သက်သေပြနိုင်ရေးကို အခုထက်ပိုမိုကြိုးပမ်းရမည် ဖြစ်သည့်အပြင် လုပ်ဆောင် ချက်များအားလုံး ရေရှည်တည်တံ့စေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ လုပ်ဆောင်မှုအားလုံးကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ ထိထိ ရောက်ရောက် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆောင်ရွက်မှုအားလုံးကိုလည်း စနစ်တ ကျ မှတ်တမ်းများ ထားရှိရမည် ဖြစ်ပါကြောင်း။

          ယနေ့တင်ပြမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်တို့နှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း တွေ့ရပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အချိန်နှင့်တစ်ပြေးညီ ပုံမှန်သုံးသပ်ပြီး ရလဒ်များပြည့်မီရေးကို ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ရန် လိုအပ်သည့် ကိစ္စရပ်များကိုလည်း အချိန်မီ ပြုပြင်ဆောင်ရွက်သွားရမည် ဖြစ်သည့် အတွက် အစီရင်ခံမှုအားကောင်းစေရေးကိုလည်း ယခုထက် ပိုမိုအလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

          ချမှတ်ထားသည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အမြဲ သုံးသပ်စိစစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ခြင်း (Plan, Do, Check, Act- PDCA)ဆိုတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို တက်ညီ လက်ညီစိစစ်ပြီး ကြိုးပမ်းအကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏စီးပွား ရေးတိုးတက်မှုကို ကိုဗစ်-၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်ရရှိနိုင်မည် ဖြစ်ပါ ကြောင်း။

          ထို့ကြောင့် မိမိတို့ မျှော်မှန်းထားသည့် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။

          ထို့နောက်အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးတွင်အတည်ပြုချက်ရယူရမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ဦးတည်ပြီး ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင် နိုင် သည့် ရေရှည်ဖွံ့ဖြိုးမှုရရှိစေရန် ရည်ရွယ်ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း။

          စီမံကိန်းလျာထားချက်များကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းပြီးစီးမှု ပမာဏနှင့် ညီမျှသည့် ငွေကြေးသုံးစွဲမှုများဖြစ်စေ ရေး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊အကန့်အသတ်ဖြစ်နေသည့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ခွဲဝေသုံးစွဲခြင်း ဖြစ်သည့်အတွက် ထိထိရောက်ရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သည့် လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် စီမံကိန်းမှ ရလဒ်ကောင်းများ ရရှိရေးတို့ ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း။

          နိုင်ငံတော်မှပံ့ပိုးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ၊ စီမံကိန်းများ အတွက် ခွင့်ပြုထားသည့် ဘဏ္ဍာငွေအရင်းအမြစ်များဖြင့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်စေရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်စေရေး တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေ အနေကို  သုံးသပ်ဆွေးနွေးပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ယခင်ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ ရှိချက်မှတ်တမ်းများအပေါ် သုံးသပ်အကြံပြုချက်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စစ်ဆေးဆောင်ရွက်သွားမည့် အချက်များကို ရှင်းလင်းတင်ပြ သည်။

          ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ အမျိုးသား စီမံကိန်းကို ပြန်ကြည့်ပါက လျာထားချက်များ မပြည့်မီသည်ကိုတွေ့ရကြောင်း၊ မိမိအနေဖြင့် နိုင်ငံစီးပွားရေး မြှင့်တင်ရေးရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများသို့ ဘဏ္ဍာငွေကျပ် ဘီလီယံ ၄၀၀ ပေးအပ်ခဲ့ပါကြောင်း၊ အဓိက အားဖြင့် ဒေသခံပြည်သူလူထု စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် ကာလတိုအတွင်း ငွေပြန်ပေါ်နိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော နေကြာ၊ ပဲတီစိမ်းနှင့် နွေးစပါး စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ပေးခြင်းဖြစ်ကြောင်း၊ တစ်နေရာနှင့်တစ်နေရာ အခြေအနေချင်း မတူညီသော်လည်း နည်းလမ်းများ ရှာကြံ၍လျာထားချက်ပြည့်မီ အောင်ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်း ရည်မှန်းချက်များကို လက်တွေ့ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် အမှန်တကယ် တိုးတက်အောင် စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

          ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းအကောင် အထည်ဖော်မှု အခြေအနေကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို သေသေချာချာ စိစစ်သုံးသပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

          ယခုနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော်မှုကို ပြီးပြတ်အောင် ဆောင်ရွက် ကြရန်လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မပြီးပြတ်ခဲ့ပါက ဘဏ္ဍာရေးနှစ် ကုန်ဆုံး ချိန်တွင် ဘဏ္ဍာငွေကို စနစ်တကျ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊  လာမည့်နှစ်တွင် လည်း အမှန်ဆောင်ရွက်နိုင် မည့်ပမာဏကို ချိန်ညှိကာ စီမံကိန်းတွင်ရေးဆွဲပြီး ဘဏ္ဍာငွေတောင်းခံ ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် လည်း ဖြစ်မြောက်နိုင်စွမ်းကိုလေ့လာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိစေရေးနှင့် ပြည်သူများအတွက်အကျိုးရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဥပဒေကို  မပြဋ္ဌာန်းမီ ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြည့်စုံစေရေးကို ဆောင်ရွက်ရ မည်ဖြစ်သည့်အပြင် အကောင်အထည်ဖော်ဆောင် ရွက်နေစဉ် ကာလအ တွင်းတွင် လည်း စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းစဉ်များ အားကောင်းရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

          စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန် ဒေသအလိုက် အဓိကအားသာ ချက်ရှိသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအား ပေးရာတွင် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီစေရေးကို အလေးထားဆောင်ရွက်ရေးနှင့် ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

           အသေချာဆုံးသော စီးပွားရေးမြှင့်တင်မှုသည် အခြေခံခိုင်မာပြီး ဖြစ်သည့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုတို့ဖြစ်ကြောင်း၊  ဒေသများ က ရရှိနိုင်သည့် ကုန်ကြမ်းများကို အပြည့် အဝအသုံးချပြီး ကုန်ချောထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးမည့် ဌာနများနှင့် သုတေသနဌာနများ အချိတ်အဆက်မိမိ ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်နည်းပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဆိုပါက ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ အလုပ် လုပ်ကိုင်ကြခြင်းနှင့်ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထွက်ခွာမှုများ လျော့နည်း လာမည်ဖြစ်ကြောင်း။

          ပြည်သူများ အဓိကလိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့်ထွက်ငွေမျှတရေး ကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မည်သည့်စီမံကိန်းကိုမဆို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်သည့်ငွေကြေး သုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းစွမ်း ဆောင်ရည် ပြည့်ဝစေရေး မှန်မှန်ကန်ကန် သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြုလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော်ပြီး တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

        ယခုအတည်ပြုမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ လုပ်ငန်းများကို ဥပဒေအဖြစ် ပြဋ္ဌာန်းပြီးပါက သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊        လက်ရှိဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှု အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုကြိုးပမ်း အားထုတ်လုပ်ဆောင်သွားကြရန် မှာကြားလို ကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။