အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်အား သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်အား သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ မတ် - ၁၇ 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီရွှေ ၇ ပိဿာ (၁၁ ဒသမ ၄၃၁ ကီလိုဂရမ်)အားပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။ 

စုံစမ်းစစ်ဆေးရန်လိုအပ်သော ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား ထပ်မံစစ်ဆေးခဲ့ရာ စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဦးမောင်ဝိတ်အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၈ ခုနှစ်၊ မေလတွင် ပထမ အကြိမ် အမေရိကန်ဒေါ်လာတစ်သိန်း၊ ၂၀၁၉ ခုနှစ်၊ မေလတွင် ဒုတိယအကြိမ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တတိယအကြိမ် အဖြစ် အမေရိကန်ဒေါ်လာငါးသောင်းနှင့် ဧပြီလတွင် စတုတ္ထအကြိမ်အဖြစ် အမေရိကန် ဒေါ်လာနှစ်သိန်းခွဲ၊ စုစုပေါင်း အမေရိကန်ဒေါ်လာငါးသိန်းခွဲအား ၎င်းကိုယ်တိုင် လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုများရှိကြောင်း ပဏာမစိစစ် တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဖော်ထုတ်စစ်ဆေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။